8th November 2009

အလင်းတစ်လက်ဖြင့် နွေးစေချင်

လူတိုင်းမှာ အလင်းရောင်ဆိုတာ ကိုယ်စီရှိတတ်ကြပေမယ့် တစ်ချို့တစ်ချို့သော ဘ၀တွေမှာတော့ဖြင့် ကံဇာတ်ဆရာ၏ လှည့်ကွက်များအောက်မှာ ဘ၀တွေ ခါးသီးလှစွာ ဘ၀အမှောင်ကျနေကြပါတယ်။ ပန်းကလေးတွေလှသလို လူ့ဘ၀သည်လည်း လှပါတယ်။ ပန်းကလေးတွေမွှေးသလို လူ့ဘ၀သည်လည်း မွှေးပါတယ်။ တစ်ချို့တွေမှာတော့ မလှခင် မမွှေးခင်မှာပဲ အကျည်းတန်စွာ ဘ၀ကို ရုန်းကန်နေကြရတယ်။ မမွှေးခင် မလှခင်မှာပဲ ကြွေကျရရှာတယ်။ ဒီတရားတွေ အားလုံးဟာ ဘ၀ဖန်တီးရှင် ကံတရားအတိုင်း လည်ပတ်နေကြရသော်ငြားလည်း လက်ရှိ မှောင်မိုက်နေသော ဘ၀လေးတွေကို ကိုယ်စွမ်းအားရှိသော အလင်းဓါတ်တွေ ပေးစွမ်းသင့်လှပါတယ်။ မေတ္တာလက်များဖြင့် ကရုဏာလက်များဖြင့် နွေးထွေးစွာ ဖေးကူသင့်လှပါတယ်။ ဒီလို မေတ္တာ၊ ကရုဏာတရားတွေနဲ့အတူ အနာဂတ်အတွက် တပိုင်တနိုင် ကူညီဖေးမသူများမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပရဟိတကျောင်းများ၊ မိဘမဲ့ဂေဟာများပင်ဖြစ်ပါတယ်။

ဘ၀ဒဏ်ရိုက်ချက်၏ ခံစားရသူများ အဆင်မပြေမှုများကို ကူညီစောင့်ရှောက်ကာ အနာဂတ်နိုင်ငံတော် အနာဂတ် သာသနာအတွက် ကိုယ်စီတာဝန်ယူကာ ဆောင်ရွက်ကြသော စေတနာရှင်စွမ်းဆောင်သူများကိုလည်း ကျွန်တော်တို့ အနေနဲ့ ၀ိုင်းဝန်းကူညီရမည်မှာ ဘ၀ကပေးသော တာဝန်ပင်ဖြစ်ပါတယ်။ ဘ၀လျှပ်စစ်မီး ထိန်ထိန်ငြီးစွာ အေးချမ်းစွာနေရသော ကလေးငယ်များအတွက် ကျွန်တော်တို့ရဲ့ ဖယောင်းတိုင်မျှသော အလင်းဟာ အဖိုးမတန်နိုင်ပေမယ့် ဘ၀ကံဆင်းရဲရှာတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ မိဘမဲ့ဂေဟာမှ ကလေးလူငယ်လေးများအတွက်တော့ အဖိုးမဖြတ်နိုင်သော အလင်းတန်းသဖွယ် ဖြစ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။ ကိုယ့်မှာရှိတဲ့ အလင်းတွေကိုသာ သူတို့လေး တွေဆီ ဖြန့်ဝေပေးနိုင်ဖို့က အဓိကပါပဲ။

ဘာသာရေးအသိအလင်းတွေ၊ ခေတ်ပညာအလင်းတွေ၊ အထွေထွေဗဟုသုတ အလင်းတွေ စွမ်းအားရှိသရွေ့ ပေးစွမ်းသင့်ပါတယ်။ ဒီလိုပေးစွမ်းနိုင်ဖို့အတွက် သူတို့လေးတွေရဲ့ ပင်ကိုယ်သဘောသဘာဝကိုလည်း သိထားသင့်ပါတယ်။ ကလေးငယ်အားလုံး၊ ကျောင်းသူကျောင်းသားများအားလုံးမှာ စွမ်းရည်(၇)မျိုး ကိုယ်စီရှိနေကြတယ်လို့ ဟားဗတ်တက္ကသိုလ်မှ သိမှုဖွံ့ဖြိုးမှုနှင့် ကလေးသူငယ်ဖွံ့ဖြိုးမှုဆိုင်ရာ စိတ်ပညာရှင် ဟာဝါဒ်ဂါဒ်နာ Howard Gardner က လေ့လာ တွေ့ရှိချက်များပေါ်တွင် အခြပြုထားတင်ပြထားသည်ကို မှတ်သားရပါတယ်။ (၇)မျိုးလုံး ရှိသည့်ထဲက တစ်မျိုးမျိုး၊ သို့မဟုတ် တစ်မျိုးထက်ပို၍ ပိုမိုထက်မြက် ထူးချွန်နေတတ်ကြပါတယ်။ အချို့မှာ စွမ်းရည်ဆိုင်ရာ အားနည်းချက်များ ရှိနေတတ်ပြီး ပြုပြင်မရနိုင်ဘူးလို့ ယူဆကြပေမယ့် အားပေးခြင်း၊ ပြုစုပျိုးထောင်ပေးခြင်းနှင့် လေ့ကျင့်သင်ကြားခြင်းများဖြင့် လူတိုင်းပင် စွမ်းရည်အမျိုးမျိုး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိကြောင်း ဂါဒ်နာမှ အကြံပြုထားပါတယ်။

စွမ်းရည်တွေဟာလည်း အချင်းချင်းအပြန်အလှန် ဆက်နွယ်လျှက်ရှိနေပါတယ်။ လူတိုင်း မွေးရာပါ ဗီဇသဘာဝနဲ့ ကွဲပြားခြားနားသော ဉာဏ်ရည်၊ စွမ်းရည်များ၏ သဘောသဘာဝကို သိရှိနားလည်စေရန်လို့လည်းဆိုပါတယ်။ မြန်မာနိုင်ငံ၏ စာသင်ကျောင်းများမှာ အဓိကအားဖြင့် လေ့ကျင့်သင်ကြားတဲ့

(၁) ယုတ္တိဗေဒ-သချာင်္စွမ်းရည် (logical-mathematical) နှင့်

(၂) ဘာသာစွမ်းရည် (Linguistic) အပြင်

(၃) တေးဂီတစွမ်းရည် (Musical)

(၄) ပုံဖော်မှုစွမ်းရည် (Spatial)

(၅) ကာယလှုပ်ရှားမှုစွမ်းရည် (Bodily kinaesthetic)

(၆) လူမှုပေါင်းသင်းဆက်ဆံရေးစွမ်းရည် (Interpersonal)

(၇) မိမိကိုယ်ကို ပြန်လည်ဆင်ခြင် တွေးတောနိုင်မှုစွမ်းရည် (Intrapersonal)

(၈) သဘောသဘာဝတရားကို ချစ်မြတ်နိုးခံစားတတ်မှုစွမ်းရည် (Naturalistic)

(၉) ပြန်လှန်တွေးတောစဉ်းစားနိုင်မှုနှင့် ဒဿနိကဗေဒစွမ်းရည် (Existentialist) တို့ကိုလည်း ထည့်သွင်းသင်ကြားလျှက်ရှိပါတယ်။

ဒီစွမ်းရည်တွေကို ဖွံ့ဖြိုးတိုးတက်ဖို့ တစ်နေ့တာ စာသင်ချိန်တွေမှာ လေ့ကျင့်သင်ကြားပေးနိုင်ဖို့ အရေးကြီးလှပါတယ်။ ဒီစွမ်းရည်တွေ ဖွံ့ဖြိုးလာသည်နှင့်အမျှ မိမိရဲ့ အနာဂတ်လမ်းကို ထိုကလေးငယ်လေးများ လွယ်ကွယ်စွာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုစွမ်းရည်တွေ မြင့်မားလာစေဖို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှလည်း ရည်ရွယ်ချက်နှင့်အတူ ဆောင်ရွက်လျက်ရှိပါတယ်။ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးလုပ်ငန်း၏ရည်ရွယ်ချက်များမှာ

၁။ ဆင်းရဲချမ်းသာမရွေး အရေး အဖတ် အတွက် အခြေခံပညာနှင့် ခေတ်ပညာတတ်မြောက်စေရန်။

၂။ ပညာသင်ကြားရာ၌ စရိတ်သက်သာပြီး လွယ်ကူမှုရှိစေရန်။

၃။ ကိုယ့်ကျင့်တရားကောင်းမွန်ပြီး အများအကျိုး နိုင်ငံအကျိုး သယ်ပိုးလိုသည့်သားကောင်း သမီးကောင်းများ ဖြစ်လာစေရန်။

၎။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံတို့ကို သိရှိနားလည်၍ မြတ်နိုးစွာ လိုက်နာခံယူတတ်စေရန်။

၅။ ဗုဒ္ဓဘာသာ သာသနာတော်ဆိုင်ရာ အဆုံးအမများကို ကြားနာမှတ်သား သိရှိလိုက်နာပြီး အနာဂတ်သာသနာကို တာဝန် ယူကြမည့် ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်စေရန်။

၆။ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်။ တို့ဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးများ၏ မေတ္တာတရားကြီးမားမှုနှင့် အနာဂတ်အတွက် မျှော်မှန်းမှုကို ဉာဏ်မှီသမျှ တင်ပြလိုပါတယ်။ ဆရာတော်ဘုရားကြီးများ၏ မေတ္တာတရားကို ကျွန်တော်မည်သို့မျှ မမှီနိုင်သလို အနာဂတ်အတွက် မျှော်မှန်းချက်ကိုလည်း ကျွန်တော်ဉာဏ်ဖြင့် ဘယ်လိုမှ မမှန်းဆနိုင်ပါ။ ယခုတင်ပြသည်မှာလည်း ကျွန်တော်လက်ရှိ ဉာဏ်စွမ်းရှိသမျှသော နွားခြေအိုင်မှ ရေဗွက်မျှသာဖြစ်ပါတယ်။ ဘ၀ဆိုတဲ့ ဇာတိကို ရလာလျှင် ဒုက္ခဆိုသော ဆင်းရဲခြင်းကို ရလာတာအမှန်ပါပဲ။ သို့ပေမယ့် လောကီပညတ်ချက်အရ အမျိုးဇာတ် ငွေကြေးဥစ္စာ စသဖြင့် မပြည့်စုံသော မိသားစုမှာ ကြီးပြင်းလာသူတွေကို ဘ၀ကံဆိုးတယ်လို့ ဆိုကြပါတယ်။ ဒီလို ဆင်းရဲသူတွေအဖို့ ခေတ်ပညာအစရှိသော ပညာရပ်တွေမှာ လွယ်ကူအဆင်ပြေစွာ တက်ရောက်သင်ကြားနိုင်ဖို့ဆိုသည်မှာ အင်မတန်မှပင် ခက်ခဲလှပါတယ်။ တံငါနားနီး တံငါဆိုတာ မဖြစ်တန်ကောင်းပါဘူး။ သို့အတွက်  ဆင်းရဲချမ်းသာမရွေး အရေး အဖတ်အတွက် အခြေခံပညာနှင့် ခေတ်ပညာတတ်မြောက်စေရန်ဆိုသော ရည်ရွယ်ချက်ပါရှိနေတာပါ။

ဒီရည်ရွယ်ချက်ကို ကြည့်ခြင်းအားဖြင့် တသားတည်းဖြစ်သော မေတ္တာတရား ကရုဏာတရားကို မြင်နိုင်ပါတယ်။ အခြေခံ ပညာနှင့် ခေတ်ပညာတတ်မြောက်ရန်သင်ကြားပေးမှုဟာလည်း ယုတ္တိဗေဒ-သချာင်္စွမ်းရည် (logical-mathematical) နှင့် ဘာသာစွမ်းရည် (Linguistic)ကို မြှင့်တင်ပေးရာရောက်တာပါပဲ။ ဘာသာစွမ်းရည်ဆိုရာမှာ ဘာသာစကားတွေ၊ အနုပညာ၊ စကားပြော၊ အရေး၊ အဖတ်နှင့် နားထောင်နိုင်ခြင်း စွမ်းရည်တွေက အဓိက အချက်တွေပါပဲ။ ကိုယ့်ကျင့်တရား ကောင်းမွန် ပြီး အများအကျိုး နိုင်ငံအကျိုး သယ်ပိုးလိုသည့်သားကောင်း သမီးကောင်းများ ဖြစ်လာစေရန်ဆိုတဲ့ ရည်ရွယ်ချက် အင်မတန်မှကို လေးနက်ကောင်းမွန်သော အချက်ပါ။ ကိုယ်ကိုတိုင် စွမ်းနိုင်ပြီးတော့ သူတစ်ပါးအကျိုး ဆောင်ရွက်နိုင်ဖို့ဆိုတာ ကိုယ်ကိုတိုင် သီလတရား ကိုယ်ကျင့်တရား ကောင်းဖို့လိုပါတယ်။

ဒီလို စိတ်ဓါတ်ကောင်းတွေ စွမ်းရည်ကောင်းတွေ ဖြစ်လာအောင် ဗုဒ္ဓအဆုံးမတွေနဲ့ အညီ သွန်သင်ဆုံးမ ပေးနေတာဟာ အင်မတန်မှကို ပီတိဖြစ်စရာ တစ်ခုပါပဲ။ ဒီလို သင်ကြား လေ့ကျင့်ပျိုးထောင်ခြင်းအားဖြင့် လူမှုပေါင်းသင်းဆက်ဆံရေး စွမ်းရည်(Interpersonal) မိမိကိုယ်ကို ပြန်လည်ဆင်ခြင် တွေးတောနိုင်မှုစွမ်းရည် (Intrapersonal)တွေကို မြှင့်တင်ပေးတာ ထက်ပိုပါဦးမယ်။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံတို့ကို သိရှိနားလည်၍ မြတ်နိုးစွာ လိုက်နာခံယူတတ်စေရန်ဆိုတဲ့ နေရာမှာ ယဉ်ကျေးမှု တော်တော်များများဟာ ဗုဒ္ဓတရား၏ အဆုံးအမများနှင့် ဆက်နွယ်ပေါက်ဖွားလာတာပါ။ ထို့ပြင် ပန်းဆယ်မျိုး အစရှိသော အနုပညာ လက်ရာတွေကလည်း ကမ္ဘာမှာ လေးစားစရာ ဂုဏ်အင်လေးတွေပါ။ ဒီလို ယဉ်ကျေးမှုကို ချစ်မြတ်နိုးတတ်မှ နိုင်ငံနှင့်လူမျိုးကိုလည်း ချစ်မြတ်နိုးတတ်ပါလိမ့်မယ်။

ဒီလို လေ့ကျင့်ပျိုးထောင်ခြင်းအားဖြင့် တေးဂီတစွမ်းရည်(Musical)၊ ပုံဖော်မှုစွမ်းရည်(Spatial)၊ ကာယလှုပ်ရှားမှုစွမ်းရည် (Bodily kinaesthetic)တွေနဲ့ မြင့်မားလာမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ သာသနာတော်ဆိုင်ရာ အဆုံးအမများကို ကြားနာ မှတ်သား သိရှိလိုက်နာပြီး အနာဂတ်သာသနာကို တာဝန်ယူကြမည့် ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်စေရန်ဆိုတဲ့ ရည်ရွယ် ချက်မှာ ကြီးမားကျယ်ပြန့်လွန်းပါတယ်။ အနည်းငယ် ဖော်ပြရလျှင် ဗုဒ္ဓအဆုံးအမများလိုက်နာခြင်းဟာ နားလည်မှု စွမ်းရည်ကို အားကောင်းလာအောင် ကျင့်ကြံနေတာပါ။ မိဘနဲ့ သားသမီးကြား၊ ဆွေမျိုးမိတ်ဆွေကြား၊ ဆရာနှင့်တပည့်ကြား၊ လင်နှင့်မယား စတဲ့ သူ့အပိုင်းလိုက်တိုင်းမှာ နားလည်မှုစွမ်းအားရှိမှ နေရာတိုင်း အဆင်ပြေနိုင်ပါတယ်။ ဒီလို နားလည်နိုင် အောင် ဗုဒ္ဓတရားတော်တွေကို နှလုံးသွင်းပါမှ နားလည်မှုစွမ်းအားကောင်းနိုင်ပါတယ်။

ဆရာကောင်းကို ဆည်းကပ်ပါမှ နားလည်မှုစွမ်းအား တိုးနိုင်ပါတယ်။ ကိုယ်တိုင်ကျင့်ကြံပါမှ နားလည်မှုစွမ်းအား တိုးနိုင်ပါတယ်။ နားလည်မှု စွမ်းအားတိုးတက်လာမှ အနာဂတ်သာသနာတော်ကို တာဝန်ယူလိုသော တာဝန်ယူရဲသော သားကောင်းသမီးကောင်း ဖြစ်လာနိုင်မှာပါ။ ဒါမှလည်း အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်လိုသော ထိန်းသိမ်း စောင့်ရှောက်နိုင်သော သားကောင်းများ ဖြစ်လာမှာပါ။ ဟားဗတ်တက္ကသိုလ်မှ သိမှုဖွံ့ဖြိုးမှုနှင့် ကလေးသူငယ်ဖွံ့ဖြိုးမှုဆိုင်ရာ စိတ်ပညာရှင် ဟာဝါဒ်ဂါဒ်နာ Howard Gardner ၏ လေ့လာတွေ့ရှိချက်များထက် သာလွန်လှသော ဗုဒ္ဓတရားတော်များကို အခြခံကာ ပြုစု၊ ပျိုးထောင်၊ လေကျင့်သင်ကြားလျက်ရှိသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပရဟိတကျောင်း များ၊ မိဘမဲ့ကလေးကျောင်းများကို မိမိတို့အနေဖြင့် တတ်အားသရွေ့ထောက်ပံ့ကူညီရမည်မှာ တိုက်တွန်းစရာပင် လိုမည်မထင်ပါပေ။

ဤစာကို အနည်းကျဉ်းဖတ်ရုံမျှဖြင့် သိမည်ဟု ကျွန်တော် ထင်မိပါတယ်။ ဒီလိုကျောင်းများ ကိုယ်တိုင် ထူထောင်နိုင်လျှင်ကား ပို၍ပင် ကောင်းပါတယ်။ ဖယောင်းတိုင်အလင်းလည်း သူ့အလင်းစွမ်းအား ရှိသလောက်၊ ပိုးစုန်းကြုးဆိုလျှင်လည်း သူ၏အလင်းစွမ်းအားရှိသလောက် ဖြန့်ဝေဖို့သာ အဓိကကျပါတယ်

ရေးသားမှုကဏ္ဍတရားစာစောင်များ | 0 အကြံပြုစာ

12th October 2009

ဒါနပန်းလက်လှန်းစေချင်

လောကမှ လူတွေ ကိုယ့်မှာရှိနေတဲ့ လက်တွေကိုကမ်းလို့ မျှဝေသူက မျှဝေနေတယ်၊ တစ်ချို့တွေက မမြင်ချင်ယောင် ဆောင်နေကြတယ်၊ တစ်ချို့တွေက သိကို မသိကြတာ။ မပေးလိုတာ မစွန့်ကြဲလိုတာ မလှူဒါန်းလိုတာတွေက လှူဒါန်းမှုရဲ့ အဆိပ်တောက်တွေပါပဲ။ ဒါနတရားရဲ့ အန္တရာယ်တွေပါပဲ။ လူအများ ဘာအတွက်ကြောင့် မလှူဖြစ်ကြတာလည်း စဉ်းစား ကြည့်လျှင် အလှူတစ်ခု မပေးလှူဖြစ်ခြင်းဟာ-

(၁) ပစ္စည်းဥစ္စာကို နှမြောဝန်တိုတဲ့ မစ္ဆရိယပုဂ္ဂိုလ်၊

(၂) ကာမဂုဏ်အကြား၌ မေ့လျော့နေသော ပမာဒပုဂ္ဂိုလ် ဆိုပြီး နှစ်မျိုးရှိမှာပါ။

မစ္ဆရိယဆိုတာ ၀န်တိုခြင်း၊ ၀န်တိုတဲ့ ပုဂ္ဂိုလ်ပါ။ မြန်မာစကားအဓိပ္ပါယ် အနှစ်သားအရ ၀န်ဆိုတာ သူတစ်ပါး ကြီးပွား ချမ်းသာတာကို ၀မ်းမြောက်ရမည့်တာဝန် ဖြစ်ပါတယ်။ လူတိုင်း လူတိုင်းမှာ တာဝန်အသီးသီးရှိကြရာမှာ ကိုယ့်ထက်သာ လွန်သူကို အမှန်တကယ် ကျေကျေနပ်နပ် ၀မ်းမြောက်ရမည့်တာဝန် ဆိုတာလည်း ရှိရမှာပါ။ ကိုယ့်ထက်သာလျှင်လည်း ချီးမွမ်းရပါ့မယ်၊ မြှောက်စားရပါ့မယ်၊ ၀မ်းမြောက်ရပါ့မယ်။ ဒါမှ ၀န် ဆိုတဲ့ အဓိပ္ပါယ်ဖြင့် ပြည့်စုံမှာပါ။ သို့ပေမယ့် ကိုယ့်ထက်သာ မနာလိုကြဘူး၊ ကိုယ်သာဖို့အတွက် သူတစ်ပါးကို နင်းတက်တတ်ကြတယ်။ ဒါဆိုရင် တာဝန်မသိသူ၊ ၀န်ဆိုတာနဲ့ မပြည့်စုံသူတွေပါပဲ။

တို ဆိုတာကတော့ တွန့်တိုတာ၊ တိုတောင်းတာလို့ ယူရမှာပါ။ ဒီလိုဆိုလျှင် မစ္ဆရိယစိတ်ရှိတဲ့သူဟာ ကိုယ်သာ ချမ်းသာ လိုတယ်၊ သူတစ်ပါး မချမ်းသာစေချင်ဘူး။ အလှူအရိပ်ရောင် မြင်ရင်ပဲ နည်းမျိုးစုံဖြင့် ရှောင်ကွင်းသွားတတ်တာပါ။ ထိုယ့်ထက်နိမ့်ပါးသူ၊ ဆင်းရဲနွမ်းပါးသူကို ပေးလှူလိုစိတ် မရှိဘူး။ သူတစ်ပါးဆီကလိုချင်တယ်၊ ကိုယ့်ဆီက ပေးဖို့ကျတော့ တွန့်တိုနေတယ်။ ဤအရာတွေသည် မစ္ဆရိယ၏ သဘောအာနိသင်တွေပါပဲ။ သုတ်မဟာဝါ သက္ကပဉ္စသုတ်မှာ သိကြားမင်း က ဘုရားရှင်အား-

အရှင်ဘုရား..သတ္တ၀ါတွေဟာ ပင်ပန်းညှိုးနွမ်းခြင်း၊ ဒဏ်ထိခြင်း၊ ရန်များခြင်း၊ စိတ်မချမ်းသာခြင်း မဖြစ်လိုပါဘဲလျက် ဖြစ်နေကြရပါတယ်၊ ဤသို့ ဒုက္ခမဖြစ်လိုပါပဲ ဒုက္ခဖြစ်ရခြင်းဟာ ဘယ်လိုအကြောင်းကြောင့်ပါလဲဘုရား..လို့ လျှောက်ထား တယ်။ ဘုရားရှင်က- အိုသိကြားမင်း…သတ္တ၀ါတွေဟာ ဒုက္ခမဖြစ်လိုပါပဲ ဒုက္ခဖြစ်ရခြင်းဟာ တစ်ခြားအကြောင်းကြောင့် မဟုတ်ဘူး။ မစ္ဆရိယဆိုတဲ့ ကိုယ့်ပစ္စည်းအပေါ် မခွဲနိုင် မခွါရက် တပ်မက်ခြင်းနှင့် ဣသာခေါ်တဲ့ သူတစ်ပါး ကြီးပွားချမ်းသာ တာ မနာလိုခြင်းတို့ကြောင့် ဖြစ်တယ်လို့ ဖြေကြားတော်မူပါတယ်။

ထို့ကြောင့် ဆင်းရဲဒုက္ခကို ဖြစ်စေတတ်တဲ့ ထို မစ္ဆရိယတရား ကင်းပါးအောင် တတ်အားသမျှ အလှူဒါန ပြုသင့်ပါတယ်။ အလှူဒါန ပြုတယ်ဆိုရာမှာလည်း ဘုရားလောင်းတော်ဆိုလျှင် ဖန်ခွက်တစ်ခုထဲမှ ရေကို မှောင်သွန်ချလိုက်သလို လှူဒါန်း လိုက်တာပါ။ မိမိကိုယ်တိုင်လည်း ထိုသို့ လှူဒါန်းဘူးသလားဆိုတာ ပြန်လည် စဉ်းစားစေချင်ပါတယ်။ ဥပမာ- မရှိဆင်းရဲ ဒုက္ခရောက်နေတဲ့ ဘ၀၀ိပါတ် ဒုက္ခတိရောက်နေတဲ့သူများကို လမ်းမှာ တွေ့ရင် ကိုယ့်ပိုက်ဆံအိတ်ကို အကုန်မှောက်၍ လှူခဲ့ဘူးပြီလား။ ဘယ်အတိုင်းတာထိပါ လှူဒါန်းဘူးပြီလည်း စသဖြင့် စဉ်းစားကြည့်စေချင်ပါတယ်။ မင်းကွန်းဆရာတော် ဘုရားကြီး ရွာတစ်ရွာမှာ ကြွသွားတော့ အဘွားအိုတစ်ယောက်က သူတို့ရွာကို တိပိဋကဓရ ဆရာတော် ကြွလာတာ ဖြစ်တဲ့အတွက် သူ့မှာရှိတဲ့ ရှိသမျှ ပစ္စည်းလေးကို ပုခုံးထက်က တံဘက်စွန်းမှာ ချည်ပြီး လာကန်တော့ပါတယ်။ ပြီးတော့ ဆရာတော်ဘုရားကြီးကို အကုန်လှူလိုက်ပါတယ်။

သူ့မှာ ရှိသမျှ အကုန်ပါပဲတဲ့။ ဆရာတော်ကြီးက ဒကာမကြီး၏ သဒ္ဓါ တရားကို ချီးမြှောက်သောအားဖြင့် အဘွားကို တစ်နာရီကြာကြာ တစ်ယောက်တည်း သီးသန့် တရားချီးမြှင့်တော်မူပါတယ်။ အဘွားလှူလိုက်တာ စိန်၊ ရွှေ၊ လက်ဝတ်လက်စားများ မဟုတ်ပါ။ သူ့မှာ ပိုင်ဆိုင်သော တစ်ကျပ်နှင့် ခုနှစ်ဆယ့်ငါးပြား မျှသာ ဖြစ်ပါတယ်။ စဉ်းစားကြည့်လျှင် အရမ်းပီတိဖြစ်စရာ ကောင်းလှပါတယ်။ နည်းတာများတာ ပဓာနမဟုတ် အကုန်သွန်၍ လှူဒါန်းလိုသော စေတနာသာ အဓိက ဖြစ်ပါတယ်။ သို့ပေမယ့် အလှူဒါနတစ်ခုကြောင့် စိတ်ညစ်ညူးမှု မဖြစ်စေလိုပါ။ သူတစ်ပါးတိုက်တွန်းလွန်းလို့သာ လှူလိုက်ရတယ်၊ စိတ်က နှမြောနေတာမျိုးလည်း မဖြစသင့်ပါ။ လှူမိတာ မှားပေါ့ဆိုတဲ့ အဖြစ်မျိုးလည်း မဖြစ်စေချင်ပါ။ ပစ္စည်းဥစ္စာပေါ် ပြန်လည် နှမြောနေလျှင်လည်း ပစ္စည်းလည်း မမြဲ၊ မိမိလည်း မမြဲ၊ ဘာမှ မမြဲသော သဘောကို ဆင်ခြင်ပါ။ အလှူဝတ္ထု နည်းသည်ဖြစ်စေ၊ အလှူဝတ္ထုညံ့သည်ဖြစ်စေ စေတနာ သဒ္ဓါတရားဆိုတဲ့ အရည်အချင်းကောင်းခဲ့လျှင် မစ္ဆရိယကို အောင်မြင်နိုင်ပါတယ်။

မလှူဖြစ်သောအရာ နှစ်မျိုးအနက် ဒုတိယဖြစ်တဲ့ ပမာဒပုဂ္ဂိုလ်ပါပဲ။ ပမာဒဆိုတာ မေ့လျော့နေတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘာကို မေ့တာလည်းဆိုလျှင် ကုသိုလ်ကောင်းမှု လုပ်ရမှာ မေ့လျော့နေတာပါ။ မေ့လျော့ခြင်းမှာလည်း အကြောင်းတရား နှစ်မျိုးရှိပြန်ပါတယ်။

(၁) အချို့သောပုဂ္ဂိုလ်များဟာ တိရစ္ဆန်များလိုပဲ ကုသိုလ်ဆိုတာလည်း မသိဘူး၊ ကုသိုလ်ရဲ့အကျိုးဆိုတာလည်း မသိဘူး၊ အကုသိုလ်ကိုလည်း မသိဘူး၊ အကုသိုလ်ရဲ့ အကျိုးကိုလည်း မသိဘူး၊ မသိတဲ့အတွက် ကုသိုလ်ကို မလုပ်ဘူး၊ ကုသိုလ်လုပ်ဖို့ မေ့နေတယ်၊ အဲဒီ ပုဂ္ဂိုလ်မျိုးကိုတော့ အ၀ိဇ္ဇာကြောင့် မေ့တဲ့လူ လို့ ခေါ်ဆိုပါတယ်။

(၂) အချို့သော ပုဂ္ဂိုလ်တွေကတော့ ကံ-ကံရဲ့အကျိုးကို သိသင့်သလောက် သိကြပါတယ်၊ နို့ပေမယ့် စားဝတ်နေရေး အ တွက် ရုန်းကန်နေကြရတာနဲ့ ကုသိုလ်ပြုဖို့ မေ့လျော့နေကြတယ်၊ အဲဒီပုဂ္ဂိုလ်မျိုးကိုတော့ တဏှာကြောင့်မေ့တဲ့သူလို့ ခေါ်ဆိုပါတယ်။

မနုဿဒေါဘဂ္ဂံ ၀ါ ဟိ အပါယုပ္ပတ္တိ ၀ါ သဗ္ဗံ ပမာဒမူလကံ ယေ၀။

ဟိ-မှန်၏၊ မနုဿဒေါဘဂ္ဂံ ၀ါ- ဘုန်းကံမဲ့သော အောက်တန်းစား လူအဖြစ်သည်လည်းကောင်း၊ အပါယုပ္ပတ္တိ ၀ါ- ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်၌ဖြစ်ရခြင်းသည်လည်းကောင်း၊ သဗ္ဗံ-အလုံးစုံသော ပျက်စီးခြင်းသည်၊ ပမာဒမူလကံ ယေ၀-ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ခြင်းလျှင် အကြောင်းရင်းရှိသည်သာတည်း လို့ ဓမ္မပဒအဋ္ဌကထာမှာ ဖွင့်ပြတော်မူပါတယ်။

သာမာန်ပုဂ္ဂိုလ်တို့သည် လက်ရှိဘ၀ချမ်းသာမှုကို အတိတ်ကံကြောင့်ဟုလည်း မဆင်ခြင်ဘဲလျက် ကာမဂုဏ်အာရုံမှာ နစ် မြောကြတာများပါတယ်။ သားရေး၊ သမီးရေးတွေ၊ ကိုယ့်အတွက် သူ့အတွက်စသဖြင့် မေ့လျော့နေကြတယ်။ ကိုယ့်စိတ် ကိုယ့်သဏ္ဍာန်မှာ ကိလေသာတွေ ၀င်နေသလား ဘယ်လိုဖြစ်နေတယ်ဆိုတာလည်း ဘေးကနေမကြည့်ကြဘူး၊ မမြင်တတ် ကြဘူး။ ချမ်းသာမှုဒဏ်ကိုလည်း ခံနိုင်ရည်အတော်နည်းကြပါတယ်။ ချမ်းသာလာတယ်၊ အဆင်ပြေလာတာနဲ့အမျှ ကာမဂုဏ်တို့ဖြင့် ကုသိုလ်ကောင်းမှုတို့ကို မေ့လျော့တတ်ကြတယ်။ ဒီလို မေ့လျော့ခြင်းဆိုတဲ့ပမာဒတရားကို ပယ်ဖျောက် ပြီးတော့ ဒါနဆိုသောအရာကို ပြုသင့်လှပါတယ်။

အများအတွက် လှူဒါန်းတဲ့နေရာ၊ အများအတွက် ဆောင်ရွက်တဲ့နေရာမှာ တစ်လောကလုံးမှာ မြတ်ဗုဒ္ဓသာ အမြင့်မြတ်ဆုံး ပရဟိတ စွမ်းဆောင်ရှင်ဖြစ်ပါတယ်။ ပရဟိတ စိတ်နဲ့ပဲ ခက်ခဲတဲ့ ပါရမီတွေ ဖြည့်ကျင့်ခဲ့တာပါ။ ပရဟိတစေတနာရှင်ဟာ ကိုယ့်ကျေးဇူးကိုသိလို့ တုန့်ပြန်မှု လုံးဝမျှော်စရာမလိုပါဘူး။ ဘုရားအလောင်းတော်တို့ ပြုကျင့်တဲ့ ပါရမီဆိုတာလည်း သဗ္ဗညုတဉာဏ်ကို ဦးတည်ပြီးတော့ အများအတွက် အဆင်ပြေပါစေ၊ အကျိုးရှိပါစေတော့ရယ်လို့ ကိုယ့်အတွက် မငဲ့ကွက်ပဲ လှူဒါန်းခဲ့ကြတာချည်းပါပဲ။ ထိုကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ-

ဧ၀ဉ္စေ ဘိက္ခဝေ ဇာနေယျံ၊ ဒါနသံဝိဘာဂဿ ၀ိပါကံ ယထာဟံ ဇာနာမိ၊ န ဒတွာ ဘုဉ္စေယျံ၊ န စ နေသံ မစ္ဆေရမလံ စိတ္တံ ပရိယာဒါယ တိဋ္ဌေယျ

ရဟန်းတို့…..ပေးကမ်းစွန့်ကြဲခြင်း စေတနာရဲ့အကျိုးကို ငါသိသလို သတ္တာဝါများ သိကြမည်ဆိုလျှင် ကိုယ်စားမည့် ၀တ္ထုထဲက သူတစ်ပါးကို မပေးမကမ်းဘဲ ဘာကိုမျှ စားနိုင်မည် မဟုတ်ဘူး၊ ကိုယ့်ပစ္စည်းကို မပေးရက်တဲ့ မစ္ဆေရစိတ်ဟာ လည်း သတ္တ၀ါတွေကို နှိပ်စက်နိုင်မှာ မဟုတ်ဘူးလို့ မိန့်ကြားခဲ့တာပါ။ ထို့ကြောင့် မစ္ဆရိယဆိုတဲ့ ၀န်တိုမှု၊ ပမာဒဆိုတဲ့ မေ့လျော့မှု သည်တရားနှစ်ပါးကို ပယ်ခွာလိုက်လျှင် ဒါနကုသိုလ်ပြုဖို့ အခြေအနေဟာ မိမိရှေ့မှောက်မှာ ရောက်နေမှာပါ။

ဒါနတရားဟာလည်း-

ဒါနံ သဂ္ဂဿ သောပါဏံ= နတ်ပြည်ကို တက်ဖို့ စောင်းတန်းလှေကားနှင့်လည်းတူတယ်။

ဒါနံ ပါထေယျ မုတ္တမံ= သံသရာ လမ်းခရီးမှာ စားသောက် သုံးဆောင်ဖို့ မြတ်သော ရိက္ခာထုပ်ကြီးလည်း ဖြစ်တယ်။

ဒါနံ ဥဇုဂတံ မဂ္ဂံ= နိဗ္ဗာန်သို့ ဖြောင့်ဖြောင့် သွားနိုင်သော ခရီးမှန်လည်း ဖြစ်တယ်။

ဒါနံ မောက္ခပဒံ ၀ရံ= မြတ်သောမဂ်ဖိုလ် နိဗ္ဗာန်ရဲ့အကြောင်းစစ် အကြောင်းမှန်လည်း ဖြစ်တယ်လို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ်။

ထိုကြောင့် ဒါနဆိုသော အမှုသည် ပြုသင့်ပြုထိုက်သော၊ ပြုရမည့် ကောင်းမှုကုသိုလ်ကြီးဖြစ်ပါတယ်။ မိမိတတ်စွမ်းသမျှဖြင့် ပေးကမ်းစွန့်ကြဲလှူဒါန်းကြရမည် ဖြစ်ပါတယ်။ လှူဒါန်းပေးကမ်းစွန့်ကြဲမှုသည် မြင့်မြတ်သူတို့အလုပ်ဖြစ်သလို၊ မြင့်မြတ်သော သူတို့သည်လည်း လှူဒါန်းပေးကမ်းခြင်း ဒါနပြုလေ့ရှိပါတယ်။ မြင့်မြတ်သော သူတို့သည် အလှူတစ်ခုကို သာမန်လှူခြင်းအမှု မပြုကြသလို တခါတရံလည်း မဟုတ်ပါဘူး။ အမြဲပြုနေကြခြင်းဖြစ်ပါတယ်။ လှူဒါန်းသည့်နေရာမှာ လည်း သီလရှိသော ပုဂ္ဂိုလ် ဂုဏ်သတင်းကျော်ကြားသော ပုဂ္ဂိုလ်မှ မဟုတ်ပဲ မည်သည့်ပုဂ္ဂိုလ်ကို မဆို ခဏခဏ လှူဒါန်း ခြင်းဖြစ်ပါတယ်။ နိဗ္ဗာန်ကို ဦးတည် လှူဒါန်းသော ဒါနပင်ဖြစ်ပါတယ်။ ဤသည်ပင် ဒါနပါရမီမြောက် ဖြည့်ဆည်းတော် မူခြင်းဖြစ်ပါတယ်။ ပါရမီဖြည့်ဆည်းခြင်းဟူသည်မှာလည်း မိမိ၏ အကျိုးစီးပွားအတွက် ပါရမီပြည့်လို၍ ပါရမီဖြည့်ခြင်း မဟုတ်ဘဲ အများ၏ အကျိုးစီးပွားအတွက် ပါရမီပြည့်လို၍ ပါရမီဖြည့်ခြင်းဖြစ်ပါတယ်။

သို့ရာတွင် အများအတွက် ရည်ရွယ်၍ ဆောင်ရွက်သဖြင့် မိမိအတွက် ရသောအကျိုးသည် မိမိအတွက်ရည်ရွယ်၍ ဆောင်ရွက်သဖြင့် မိမိအတွက် ရသောအကျိုးထက် အဆပေါင်း အသင်္ချေ ပိုပါတယ်။ ဤသည်မှာလည်း ကမ္မနိယာမ သဘောပင်ဖြစ်ပါတယ်။ ထို့ကြောင့် မပေးကမ်း၊ မစွန့်ကြဲ၊ မလှူဒါန်းလိုသော မစ္ဆရိယစိတ်ပယ်ခွါ၊ ကာမဂုဏ်တောမှာ မေ့မြောနေသော ပမာဒတရားကို ပယ်ခွါ၍ ဒါနဆိုသောပန်းကို လက်လှမ်းနိုင်ကြ၍ လက်ဝယ်သို့ရောက်ရှိကာ ထာဝရသုံးဆောင်နိုင်ကြပါစေ။

ရေးသားမှုကဏ္ဍတရားစာစောင်များ | 0 အကြံပြုစာ

3rd September 2009

ငြိမ်းချမ်းရေးတာဝန်

အနာရောဂါကင်းခြင်းသည် အလွန်ကဲဆုံး လာဘ်တည်း။ ရောင့်ရဲမှုသည် အလွန်ကဲဆုံး ဥစ္စာတည်း။ ချစ်ကျွမ်းဝင်သူသည် အလွန်ကဲဆုံး ဆွေမျိုးတည်း။ နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း၊ ဟု ဓမ္မပဒ သုခ၀ဂ်မှာ လာသည့်အတိုင်း မိမိတို့၏ ဖြူစင်လှသော ငွေကြေးများကို တပ်မက်သောတဏှာ ရောဂါကင်းအောင်၊ လျော့အောင် ကြိုးစားလှူဒါန်းကြသည်။ ရရှိသောငွေကြေးများကို အတတ်နိုင်ဆုံး ခြွေတာသုံးစွဲကာ ရောင့်ရဲမှုဖြင့် ကြိုးစားလှူဒါန်းကြသည်။ လိုအပ်လျှက်ရှိသော နေရာများတွင်လည်း မေတ္တာကရုဏာ သက်ဝင်စွာဖြင့် စေတနာအထွတ်မြတ်ထားကာ လှူဒါန်းခဲ့ကြသည်။ နိဗ္ဗာန်တည်း ဟူသော ချမ်းသာကို ရလိုသော ဆန္ဒဖြင့်လည်း လှူဒါန်းကြသည်။ ဤသည်ပင် ချမ်းသာခြင်းသုခဖြစ်သကဲ့သို့ မြင့်မြတ်သော ဒါန ဟုလည်းခေါ်ဆိုနိုင်ပေမည်။

မြင့်မြတ်သည်ဆိုသည်မှာလည်း မိမိတို့ လုပ်ဆောင်လိုက်သော အလုပ်တွေ၊ ပြောဆိုမှုတွေ၊ ကြံတွေးမှုတွေသည် တစ်စုံ တစ်ရာသော အကျိုးတွေကို မမျှော်ကိုးပဲ ကိုယ့်မှာကျရောက်လာတဲ့ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်မယ်လို့ အားခဲ လျှက် စေတနာအရင်းခံ သက်သက်ဖြင့် လုပ်ဆောင်ခြင်းကို မြင့်မြတ်သူတို့လုပ်ရပ်၊ မြင့်မြတ်တယ်လို့ ခေါ်ဆိုနိုင်မှာဖြစ် သည်။ ထိုသို့ဆိုလျှင် မြင့်မြတ်သောဒါနဆိုသည်မှာလည်း အမှန်တကယ်လိုအပ်လျှက်ရှိသော နေရာများကို ကာယကံ မေတ္တာထား၍ မိမိတတ်အားသရွေ့ လှူဒါန်း၊ ပေးကမ်း၊ စွန့်ကြဲခြင်းအမှုတွေကို စေတနာအရင်းခံထားပြီး တာဝန်ကျေ အောင် ဆောက်ရွက်ခြင်းဖြစ်သည်။

တာဝန်ဆိုသည်မှာလည်း နေရာယူလိုခြင်းသဘော မဟုတ်ပဲ ရရာ ရောက်ရာမှာ ထမ်းရွက်ခြင်းဖြစ်သည်။ ခေါင်းဆောင်မှ တာဝန်ရှိသည်မဟုတ် လက်အောက်ငယ်သားတွင်လည်း ဆိုင်ရာတာဝန်ရှိသည်။ လူသားတိုင်းတွင်လည်း ဆိုင်ရာတာဝန် ရှိသည်။ ၀ိသယှဇာတ်တော်မှ ၀ိသယှသူဋ္ဌေး၏ တာဝန်သိမှု၊ တာဝန်ကျေမှုမှာ အံ့လောက်ဖွယ်ရာဖြစ်၏။ အနည်းငယ်ဖော်ပြ ရလျှင် ၀ိသယှသူဋ္ဌေးသည် သူ့မှာရှိသော စည်းစိမ်ဥစ္စာများကို နေ့စဉ်လှူဒါန်းလိုက်သည်မှာ နောက်ဆုံး ပစ္စည်းဥစ္စာတွေ အကုန်စင်အောင် လှူဒါန်းခဲ့သည်။ ဥစ္စာမရှိသော်ငြားလည်း မြက်ရိတ်ရောင်းစားပြီး မြက်ရိတ်ခကို မစားဘဲ ဆက်၍လှူခဲ့ သည်။ ခုနှစ်ရက်တိုင်တိုင် မယားနှင့်တကွ အစာငတ်အခံ၍ မူးမေ့သည်တိုင်အောင် လှူဒါန်းခဲ့ကြသည်။ ထိုသို့သော မြင့်မြတ်သူတို့လုပ်ရပ်၊ ဆောင်ရွက်ချက်ကြောင့်ပင် သိကြားမင်း ဗိမာန်တောင် တုန်ခါနိုင်လောက်အောင် စွမ်းအားတွေ ဖြစ်ခဲ့ရသည်။

ဝိသယှသူဋ္ဌေး၏ ရင်ထဲတွင် တပ်မက်မှုတဏှာ အဘယ်မျှလောက် ကုန်ခမ်းနေမည်ဆိုတာ တွေးဆကြည့်လျှင် ကြက်သီး များပင် ထလောက်ပါ၏။ တပ်မက်မှုတဏှာဆိုသောအရာသည်လည်း ပယ်သတ်ဖို့ရာ အတော်ပင် ခက်ခဲသည်မှာ မှန်ပေ သည်။ တဏှာကို တရားကိုယ်ကောက်လျှင် လောဘဖြစ်သည်။ လောဘဆိုသော လိုချင်မှုရမ္မက်သည်လည်း ရသလောက်နှင့်သာ ကျေနပ်ပါပြီ၊ တင်းတိမ်ပါပြီဟူ၍ မရှိပဲ ရသလောက်ကို လက်ခံတတ်သော သဘောရှိပေသည်။ ထို့သို့ လောဘကို ပယ်သတ်ရန်မှာ လိုချင်လျှင်ဆင်းရဲ၊ မလိုချင်လျှင် ချမ်းသာဟု နှလုံးမူ၍ အကြမ်းနုအားဖြင့် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ သမထ၀ိပဿနာပွားများခြင်း အမှုတို့ဖြင့် ပယ်သတ်ရမည်ဖြစ်သည်။ တက်မက်မှု၊ လိုချင်မှု ကင်းမှသာလျှင် မိမိ၏နှလုံးသား၊ မိမိ၏နိုင်ငံမှ အစပြု၍ လောကကြီး ငြိမ်းချမ်းနေမည် ဖြစ်သည်။ တပ်မက်မှု အားကြီးနေသမျှ ကာလပတ်လုံး လောကကြီး ဘယ်သောအခါမှ ငြိမ်းချမ်းလိမ့်မည်မဟုတ်ပေ။

လောကကြီး ငြိမ်းချမ်းအောင် ဆောင်ရွက်ရာတွင်လည်း လူသားတိုင်းတွင် တာဝန်ရှိသည်။ လူသားတိုင်း ဆောင်ရွက် သင့်သောအရာဖြစ်သည်။ ဤသည်မှာလည်း သမိုင်းကပေးသော မိမိတာဝန်ပင်ဖြစ်သည်။ ထိုကဲ့သို့ တာဝန်တွေ ဆောင်ရွက်ရာမှာ မိမိရင်ထဲမှာ ကိန်းအောင်းနေသော တပ်မက်မှုတဏှာ နည်းအောင်၊ မိမိ၏ ကိုယ်ကျိုးကို ပဓာနမထားပဲ အများအကျိုးဆောင်ရွက်လိုသော စေတနာ၊ ဆန္ဒတွေကို တတ်အားသရွေ့ဆောင်ရွက်ရင်း မိမိတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။

လောကကြီး ငြိမ်းချမ်းရေးကို ဦးတည်၍ မိမိနိုင်ငံ မိမိလူမျိုး ငြိမ်းချမ်းသာယာရေးအတွက် အမှန်တကယ်လိုအပ်လျှက်ရှိ သော နေရာများကို ရွေးချယ်လှူဒါန်းစေလိုသည်။ တာဝန်ကိုယ်စီ ရှိသည်ဟု မှတ်ယူစေလိုသည်။ မိမိအတ္တနှင့်ယှဉ်သော အရာများကို ချိုးနှိမ်၍ အများအတွက် ဆောင်ရွက်လိုသော စိတ်ထားများကို မွေးမြူစေလိုသည်။ မိမိသဏ္ဍာန်တွင် ကိန်းအောင်းလျက်ရှိသော တပ်မက်မှု၊ တွန့်တိုမှု၊ နှမြေမှု၊ မပေးကမ်းလိုမှု စသော တရားများကို တစ တစ စွန့်လွှတ် စေချင်သည်။ ဤသို့သော တရားများကို ကျင့်ဆောင်ခြင်း၊ ဆောင်ရွက်ခြင်းသည်ပင်လျှင် လောကကြီး ငြိမ်းချမ်းအောင် မိမိကိုယ်တိုင် တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း တင်ပြရင်း မိမိတို့လှူဒါန်းခဲ့သော လှူဒါန်းမှုအစုအစုတို့ကို သာဓုခေါ်ဆို၍ စာဖတ်သူများ အသိတရား တိုးပွားရရှိကြပါစေ။

ရေးသည့်စာမူ၊ ရေးသည့်ကြောင်းရာ၊ ရေးပုံဟန်သွင်၊ ယူထားသုံးနှုန်း၊ မနှစ်ဦးက၊ သီးခံပြုရန်၊ ဦးစွာပန်၏။

ငါဘိတတ်ခြင်း၊ ငါသိခြင်းနှင့်၊ ကျော်ဇော်ဂုတ်သတင်း၊ မရှိဧကန်၊ ဖြစ်ရိုးမှန်၏။

ဆိုသည့်စကား၊ သစ္စာထား၍၊ များသည့်ဝေနေ၊ သတ္တာဝါထွေ၊ ကာယသုခ၊ ပြည့်စုံလှ၍၊ ဒုက္ခဘယ၊ ကင်းစင်လှစေသောဝ်။

ရေးသားမှုကဏ္ဍတရားစာစောင်များ | 0 အကြံပြုစာ

27th May 2009

လူဘုံရိပ်နန်း ပယ်ခွာလှမ်း၍

သာသနာကျိုး ရွက်သယ်ပိုးမည့်
လောင်းလျာအရှင် ဆရာသခင်ကို
ကဆုန်လပြည့် ကျော်သည့်နေ့ရက်
ခြောက်ရက်မြောက်တွင် မယ်တော်ဝမ်းမှ
ဖွားတော်မူသည် ဇာနည်တစ်ပါး ပေါ်တယ်လေး။

ဖွားမြင်မြောက်ကာ ဆယ့်တစ်နှစ်ရွယ်
ချိန်ခါရယ်၌ လူဘုံရိပ်နန်း
ပယ်ခွာလှမ်း၍ သာသနာ့ဘောင်
သွတ်သွင်းဆောင်၏ စာပေကျမ်းဂန်
ဆည်းပူးမှန်သည် နတ်လူအကျိုး ဆောင်တယ်လေး။

သာမဏေကျော် ဘွဲ့တော်နှင့်တူ
သာသနာဓဇ ဓမ္မာစရိယဟု
အပ်နှင်းခံယူ အောင်တော်မူ၍
သီရိလင်္ကာ မြေမဟာ၌
ထပ်ဆင့်ကွန့်မြူး အောင်ကာထူးသည် ဆီမီးရောင်သို့ ထွန်းတယ်လေး။

လောကုတ်လောကီ နှစ်လီဋ္ဌာန
ပြည့်ဝအကျိုး သယ်ပိုးသည့်ရှင်
မြတ်သခင်၏ မွေးနေ့ခါ၌
ရေနံ့သာမောင် ကာရံဆောင်၍
ညွှန်းဆိုဖွဲ့သီ ဂုဏ်ကိုရည်သည် နတ်လူသာဓု ခေါ်တယ်လေး။

၂၇.၅.၂၀၀၉တွင်ကျရောက်မည့်-အရှင်တိက္ခဉာဏလင်္ကာရ (Yaw Community) ၏ (၃၁) နှစ်မြောက်မွေးနေ့မှာ သံဃာဂုဏ်ကိုရည်၍ ရေးသားအပ်ပါသည်။

ရေးသားမှုကဏ္ဍတရားစာစောင်များ | 0 အကြံပြုစာ

3rd May 2009

ဖြောင့်ဖြူးနေသော လမ်း

ညနေဆည်းဆာအချိန် ကျွန်တော်နေသောမြို့ကလေးသည် ရာသီဥတုမျှတစွာဖြင့် ပကတိနေ၍ကောင်းသော ချိန်ခါမျိုးဖြစ်သည်။ ရေမိုးချိုး ထမင်းစားပြီးတာနဲ့ လမ်းလျှောက်ရင်း သူငယ်ချင်းသုခဆီ သွားခဲ့လိုက်သည်။

“ သူငယ်ချင်းလာ ထိုင်ကွာ၊ တီးသောက်ဦး “

“ တီးသောက်ဦးဆိုမှ ငါက အညာသားဆိုတော့ ချိုချိုလေးမှ ကြိုက်တာနော် “

“အေး မင်းအကြိုက်ချိုချိုလေးပါကွာ။ ဒါပေမယ့် အညာသားမလို့ အချိုကြိုက်တာလား တဏှာခိုင်းလို့ ကြိုက်တာလားကွ”

သူငယ်ချင်းသုခကအမှတ်တမဲ့ပြောလိုက်ပေမယ်လို့ ရင်ထဲမှာ အတွေးများစွား ချက်ခြင်းဝင်လာမိတယ်။ ၀င်လာသော အတွေးများဖြင့် သူငယ်ချင်းသုခကို ဖွင့်ဟမိခဲ့ပါတယ်။ ငါတို့ရဲ့အလိုဆန္ဒ တပ်မက်မှုတွေဟာ ဘယ်လိုအခြေအနေမျိုးမှ တင်းတိမ်တယ်မရှိဘူး။ ဒီအရာလေးကို လိုချင်တယ်၊ ရတော့လည်း ထပ်လိုချင်သေးတာပဲ။ ထပ်ရရင် ထပ်လိုချင်ဦးမှာပဲ။ တဏှာက အတော်ကြောက်စရာကောင်းတာပဲကွာ။ ဒါကြောင့်လည်း ဘုရားရှင် မိန့်တော်မူခဲ့တယ်။

ဦနောလောကော အတိတ္တောတဏှာ ဒါသော - လူတွေဟာ အလိုပြည့်တယ်ဆိုတာ ဘယ်တော့မှ မရှိဘူး။ အမြဲရုပ်လျော့နေတယ်။ ဘာကြောင့်လဲဆိုတော့ တဏှာရဲ့ကျေးကျွန်တွေ ဖြစ်နေလို့တဲ့။ လူတွေ လူတွေ သေသာသွားကြ တယ်။ အလိုပြည့်ပြီးမှ သေတဲ့လူလို့မရှိပါဘူး။ တစ်သံသရာလုံးက ငါတို့ကို နိုင်လာတဲ့ တဏှာကို ပြန်နိုင်အောင် ကြိုးစားနေ သင့်တယ်။ ဒါပေမယ့်လည်း ပုထုဇဉ်ဆိုတော့ အလိုဆန္ဒဆိုတာတော့ ရှိနေမှာပဲ။ ဒါကို အပြစ်တစ်ခုလို့ သတ်မှတ်မရရင် တောင် ကိုယ်ရဲ့အလိုဆန္ဒက သူတစ်ပါးကို မထိခိုက်မိလို့လိုတယ်။ အလိုဆန္ဒဆိုပေမယ့် ကိုယ့်ဘ၀တိုးတက်ဖို့၊ ကိုယ့်ပတ်ဝန်းကျင်တိုးတက်ဖို့၊ ကုသိုလ်တရားတွေဖြစ်ဖို့ဆိုတဲ့ အလိုဆန္ဒတွေတွေတော့ ရှိနေရမယ်။ ရှိလည်းရှိသင့်တယ်။ ဒီနေရာမှာ တဏှာနဲ့ ဆန္ဒကို ကွဲပြားစွာ သိဖို့တော့လိုတယ်။ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့တရားတွေဟာ သံသရာရှည်စေတဲ့ လည်စေတဲ့တရားတွေပဲ။ ဆရာတော်ဦးကောသလ္လရဲ့ တရားသိမ်းလင်္ကာလေးကလည်း သိပ်မှတ်သား ဖို့ကောင်းတယ်။ အရှည်တွင်သံသရာ အချည်ကတော့တဏှာ- သံသရာရှည်အောင် ချည်နှောင်ထားတာက တဏှာဆိုတဲ့ ကြိုးပဲ။ သံသရာကိုတိုအောင်ဖြတ်၊ တဏှာကိုသေအောင်သတ်ပါတဲ့။ ဒီလောဘတရားတွေကို တဏှာတွေလျော့နည်းအောင်၊ ပါးအောင်၊ သောအောင်ကလည်း တဏှာကိလောသာရဲ့အပြစ်ကို သိအောင်ကြိုးစားကြရမှာ။ တဏှာက ဘယ်လောက် တောင် ဆိုးသလဲဆိုရင်-

“ ပြင်ပဥစ္စာ၊ မဟုတ်စွာသေး

ကာယအဆင်း ကိုယ်အတွင်းဝယ်

မွေးညင်းဆံစု ရုပ်ဝတ္ထု၌

တစ်ခုခုထပ် စွဲကပ်စွန်းငြိ

ဇောဝီထိဖြင့် စုတိပုဂ္ဂိုလ်

ထိုထိုပိုးလောက် စားသောက်ပြန်ကာ

ဖြစ်တတ်စွာဟု ကျမ်းလာမုခ ဤသို့ပြ၏”

မဃဒေ၀လင်္ကာမှာ ဆိုထားတယ်။ အပြင်ပိုင်းဖြစ်တဲ့ ရတနာရွှေငွေ ဆွေမျိုးသားချင်း ပေါင်းဖော်သင်းပင်ဆိုတာကို အသာထား၊ မိမိ၏ ခန္ဓာကိုယ်ကိုကြည့်ပြီး ငါ့အသားလေးက ၀င်းနေတာပဲ၊ သွားလေးတွေက လှလိုက်တာ ညီညာဖြူဖွေးလို့ စသဖြင့် ကိုယ်ကိုယ်ကို နှစ်သက်သောသဘောနဲ့ စွဲလန်းပြီးသေသွားလျှင် ဒီခန္ဓာကိုယ်ကိုပြန်ပြီး မှီတွယ်စားသောက်ရသော ပိုးလောက်လန်းဘ၀သို့ရောက်ရလေသည်။ အရှင်ဇ၀န(မေတ္တာရှင်) စာအုပ်မှာ အဲလိုဖတ်လိုက်ရတယ်။ တော်တော်လေး ကြောက်စရာကောင်းတယ်နော်။ နောက်ပြီးဆရာတော် မိန့်နေကြစကားကို အရမ်းသဘောကျမိတယ်။ လိုချင်လျှင် ဆင်းရဲသည် မလိုချင်လျှင် ချမ်းသာသည်ဆိုတာ။ လိုချင်တယ်ဆိုတာမှာ ဘယ်အရာကိုပဲလိုချင်လိုချင် လောဘနဲ့လိုချင်ရင် သမုဒယသစ္စာဖြစ်မယ်။ သမုဒယသစ္စာရှိနေသမျှလည်း ဒုက္ခချည်းပဲ။ ဒုက္ခဖြစ်ရင် ဆင်းရဲမယ်။ ဒုက္ခသစ္စာဆိုတာကလည်း သမုဒယကို အရင်းခံတယ်။ သမုဒယကြောင့် ဒုက္ခဖြစ်ရသည်လို့ သိနားလည်သွားသည်နှင့် သမုဒယမှန်သမျှကို ပယ်သတ်ရင် ချမ်းသာသွားတာပါပဲ။ တဏှာကိုဖြစ်စေတဲ့ ကာမဂုဏ်အာရုံတွေဆိုတာလည်း အသားမကပ်တဲ့အရိုးလိုပဲ။ နှစ်ရှည်ကြာစွာ စွန့်ပစ်ထားတဲ့ ကျွဲရိုး၊ နွားရိုးတွေဟာ လဟာပြင်မှာစွန့်ပစ်ထားတာဖြစ်တော့ အသားလုံးဝမရှိတော့ဘူး။ အရသာဘယ်လိုမှ ပေးနိုင်စွမ်းမရှိတော့ဘူး။ သို့သော် ခွေးငတ်တစ်ကောင်အတွက်တော့ အဲဒီအရိုးဟာ ရွှေအိုးကြီး ကောက်ရသလိုပဲ။ အဲဒီခွေးငတ်ဟာ အရိုးကိုချီပြီး ကျကျနန၀ပ်ပြီးတော့ တအားခဲတော့တာပဲ။ အရိုးမှာ အရသာမရှိပေမယ်လို့ ခွေးငတ်ရဲ့ခံတွင်းကထွက်လာတဲ့ အာရေတွေဟာ အရိုးကထွက်လာတဲ့အရသာလို့ သူထင်နေတော့ တာပဲ။ အာရေနဲ့ထိတွေ့ပြီးထွက်လာတဲ့ ညှီဟောက်တဲ့အနံ့ကလည်း ခွေးရဲ့ရမ္မက်ကို စွဲမက်စေပြီးတော့ ဒီအရိုးခဲရတာကိုပဲ မော်တပြုံးပြုံး ပျော်မဆုံးဖြစ်နေတော့တာပဲ။ ကာမဂုဏ်တရားတွေဆိုတာလည်း ဒီအရိုးလိုပဲ။ ကာမဂုဏ်တွေရဲ့အတွင်းမှာ ကိုယ်ထင်သလို သာယာဖွယ် ဘာမျှမရှိတော့ဘူး။ မိမိတို့ ပုထုဇဉ်များဟာလည်း ကိလေသာအရေကို အကောင်းထင်ပြီး သာယာနေတော့ပဲ။ အဲဒါကြောင့် ကာမဂုဏ်တရားတွေ အထပ်ထပ်ခံစားရင် တဏှာတွေ တလိမ့်လိမ့်တိုးနေတော့တာပဲ။

အေးဟုတ်တယ်သူငယ်ချင်း။ တဏှာနဲ့ ဒိဋ္ဌိဆိုတာကလည်း သမီးယောက်ဖလိုမျိုးပဲ။ တစ်ယောက်နဲ့တစ်ယောက် အမှီသဟဲပြုနေကြတာ။ အခုပဲကြည့် ငါက အညာသား၊ ချိုချိုလေးမှဆိုတော့ ငါဆိုတဲ့ ဒိဋ္ဌိနဲ့ ချိုတာကြိုက်တဲ့တဏှာက တစ်ခဏအတွင်းမှာ အတူပူးတွဲပါသွားတယ်။ အဲတော့ ဒိဋ္ဌိကို အရင်ကင်းအောင်လုပ်ပြီး တဏှာကိုပြတ်အောင် ဖြတ်မှ တော်မယ်သူငယ်ချင်း။

သူတိုက်တဲ့ တီးကို တစ်ချက်မော့ရင်း၊ ရင်ထဲမှာတော့ အမေးတစ်ခုပေါ်လာတာနဲ့ မဆိုင်းမတွပင် မေးလိုက်မိပါတယ်။ ဒိဋ္ဌိဆိုတာ ဘာကြောင့်ဖြစ်ရတာလဲ။

ဒိဋ္ဌိဆိုတာမှာ သမ္မာဒိဋ္ဌိ(မှန်ကန်သောအမြင်)၊ မိစ္ဆာဒိဋ္ဌိ(မှားယွင်းသောအမြင်)ဆိုပြီးရှိတယ်။ ဒီနေရာမှာ ဒိဋ္ဌိဆိုတာ မိစ္ဆာဒိဋ္ဌိကို ပြောတာပဲ။ ဒိဋ္ဌိဖြစ်ကြောင်းက ရှစ်မျိုးရှိတယ်။

ခန္ဓာ အ၀ိဇ္ဇာ ဖေဿာစ၊ သညာ တက္ကော အယောနိသော။

ဒုမ္မိတ္တော ပရတော ဃောသော၊ ဒိဋ္ဌိဋ္ဌာနာနိ အဋ္ဌဓာ။

၁။ ခန္ဓာ၏ သဘောကို မသိခြင်းကြောင့် ဒိဋ္ဌိဖြစ်သည်။

၂။ အ၀ိဇ္ဇာ(သိသင့်တာကိုမသိတာ၊ မသိသင့်တာကို သိတာ)ကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။

၃။ ဖဿ(တွေဆုံမှု)ကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။

၎။ သညာအမှတ်မှားလို့လည်း ဒိဋ္ဌိဖြစ်သည်။

၅။ ၀ိတက်(ကြံစဉ်မှု)ကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။

၆။ နှလုံးသွင်းမှားမှုကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။

၇။ မိတ်ဆွေမှားနှင့် ပေါင်းမိ၍လည်း ဒိဋ္ဌိဖြစ်သည်။

၈။ မှားယွင်းသောတရားကို နာရသောကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။

သူဋ္ဌေးသမီး ပဋာစာရီ စိတ်ဖောက်ပြန် ရူးရအောင် ဖန်တီးခဲ့တာ တစ်ခြားမဟုတ်ဘူး။ ဒိဋ္ဌိဝိပလ္လာသကြောင့်ပဲ။ ငါ့လင်၊ ငါ့သား၊ ငါ့အဖေ၊ ငါ့အမေ၊ ငါ့အစ်ကို အဖြစ် အမှတ်မှားလေသောကြောင့် ငိုတောင်မငိုနိုင်တော့ပဲ ရယ်ပြီး အ၀တ်မပါ ဗလာတည်းနဲ့ အထိန်းမဲ့ စိတ်ဝေဒနာရှင်ကြီးအဖြစ်ကို ရောက်ရတာပေါ့။ ဒါကြောင့်ဘုရားရှင်က မိန့်တယ်။ ၀ဇ္ဇာနံ ဘိက္ခဝေ မိစ္ဆာဒိဋ္ဌိ ပရမာနိ - အပြစ်တကာ အပြစ်တို့တွင် မိစ္ဆာဒိဋ္ဌိ(မှားယွင်းသောအမြင်)သည် အပျက်စီးဆုံးသော ဘေးအန္တရာယ်ဖြစ်၏။ ဒီဒိဋ္ဌိနဲ့ တဏှာဆိုတဲ့ သံသရာကို လည်စေတဲ့ ရှည်စေတဲ့တရားတွေကို အပြီးသတ် ချေမှုန်းနိုင်ဆိုလို့ တစ်ခုပဲရှိတယ်သူငယ်ချင်း။ ဒါကလည်း ထာဝရ ဖြောင့်ဖြူးနေသော လမ်းပဲ။ အဲဒါကတော့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ လမ်းပဲ။ သစ္စာတရားတော်၊ ၀ိပဿနာတရားတော်တွေကို ဟောကြားလာခဲ့သော ဘုရားရှင်ပေါင်းကလည်း ဂင်္ဂါဝါဠုသဲစုမက တော့ဘူး။ တို့တစ်တွေ ခုချိန်ထိ တဏှာရဲ့ကျေးကျွန်တွေ ဒိဋ္ဌိရဲ့အစေအပါးတွေ မဖြစ်သင့်တော့ဘူး။ လူဘ၀ရလာပြီး ဗုဒ္ဓရဲ့သစ္စာတရားတော်များကို သံဃာတွေအရှင်မြတ်များရဲ့ကျေးဇူးတော်ကြောင့် နာကြားခွင့်လည်းရနေပြီ။ ပြေးထွက်ဖို့ လမ်းကလည်း သာနေပြီ။ ပြေးထွက်ဖို့ လမ်းက သာနေလျက်နဲ့ ပြေးမထွက်ရင်တော့ တို့လောက်မိုက်တာ ရှိတော့မှာ မဟုတ်ဘူး။

အပြစ်ဖုံးတာ အ၀ိဇ္ဇာ၊ တဏှာညွှတ်စေမှု

ကံသင်္ခါရပြစ်ချမှု၊ ရလေဘ၀တစ်ခု။ လို့လယ်တီဆရာတော်ဘုရားကြီးကလည်း မိန့်ကြားခဲ့တယ်။ ကိုယ်လုပ်နေတဲ့အလုပ်က အပြစ်လို့ကလည်းမသိ၊ သိသင့်တဲ့ ဗုဒ္ဓအဆုံးအမတွေကျတော့လည်းမသိဘဲ အ၀ိဇ္ဇာတွေဖုံးလွှမ်းတယ်။ တဏှာကိလေသာ တရားတွေကိုလည်း ထန်းလှီးသလိုလဲ စဉ်ဆက်မပြတ်လှီးနေတယ်။ ဘယ်လိုလဲဆိုတော့ ထန်းလှီးသမားဟာ ထန်းရည်ရရှိဖို့ နေစဉ် ပါးပါးချင်းလှီးလိုက် ကြပ်ကလေးစီးလိုက်နဲ့ ဘ၀၀မ်းစာအတွက် ကြိုးစားနေတယ်။ ပုထုဇဉ်လူသား တွေဟာလည်း အဲလိုပဲကာမဂုဏ်တရားတွေကို နေစဉ်နဲ့အမျှခံစားပြီး တဏှာတွေ အဆက်မပြတ်ဖြစ်ပြီး အနမတဂ္ဂသံသရာ တွင်းကျင်လည်နေကြရတယ်။ အဲလိုတဏှာတွေ နေစဉ်တိုးနေတော့ ကာယကံမှု၊ ၀စီကံမှုတွေတွေ နေ့စဉ်ပြုနေတယ်။ နေ့စဉ်အမှုတွေ ပြုနေတော့ တဏှာတွေ ထပ်ခါတလည်းလည်းတိုး၊ တိုးတာအပြစ်လို့မသိအောင် အ၀ိဇ္ဇာကဖုံး မဆုံးလှတဲ့သံသရာမှာ ဘ၀အသင်္ချေတွေရနေတော့တာပဲ။ တဏှာဆိုတဲ့ ကိလေသာဝဋ်၊ ကံသင်္ခါရဆိုတဲ့ ကမ္မ၀ဋ်၊ ရလာတဲ့ ဘ၀တစ်ခုဆိုတဲ့ ၀ိပါက၀ဋ်ဆိုပြီး ၀ဋ်သုံးပါးကျင်လည်နေကြရတယ်။ ကိလေသာဝဋ်၊ ကမ္မ၀ဋ် ဆိုတဲ့ သမုဒယသစ္စာ၊ ၀ိပါက၀ဋ်ဆိုတဲ့ ဒုက္ခသစ္စာကနေ လွတ်ကင်းအောင် ဇွတ်အတင်း ရုန်းထွက်နိုင်ကြဖို့ကလည်း မဂ္ဂသစ္စာဆိုသော မဂ္ဂင်ရှစ်ပါး အကျင့်မြတ်ကို ကျင့်ကြံလျှောက်လှမ်းရင်းမှသာလျှင် နိရောဓသစ္စာဆိုတဲ့ မအိုရာ၊ မနာရာ၊ မသေရာဖြစ်တဲ့၊ ကိလေသာအပေါင်းတို့ ငြိမ်းရာသိမ်းရာဖြစ်တဲ့ အမြိုက်နိဗ္ဗာန်ကို ရနိုင်ရောက်နိုင်မှာဖြစ်တယ်။

သူငယ်ချင်းနှစ်ယောက် တီးကိုယ်စီသောက်ရင်း ကျွန်တော်ရင်ထဲမှာတော့ အတွေးများစွာရိုက်ခတ်နေပါတယ်။ ကျွန်တော်၏နှလုံးသားထက်မှာလည်း ဒီလမ်းကလေးကို လျှောက်လှမ်းဖို့ ဆန္ဒတွေဖြစ်နေလား ဆိုတာထက် ဖြောင့်ဖြူးနေသော လမ်းကလေးကို လျှောက်လှမ်းဖို့ ခြေလှမ်းများစွာကို ရင်ထဲမှာ မွေးဖွားလိုက်ပါသည်။ တီးခွက်ကို အသာချရင်း ခြေစုံကိုရပ် သူငယ်ချင်းကိုနှုတ်ဆက်ခဲ့ပါသည်။ ကျွန်တော်နှလုံးသားထက်မှ အတွေးများစွာသည် ပြောင်းလဲ သည်ဖြစ်စေ၊ မပြောင်းလဲသည်ဖြစ်စေ၊ အသိတရားများစွာ တိုးလာသည်ဖြစ်စေ၊ သေချာသည်မှာ ကျွန်တော်လျှောက်လှမ်းသော လမ်းကလေးမှာ ထာဝရ ဖြောင့်ဖြူးနေသော၊ မဖောက်မပြန်မှန်ကန်နေသာ သစ္စာတရားပင် ဖြစ်ပါသည်။

ရေးသားမှုကဏ္ဍတရားစာစောင်များ | 0 အကြံပြုစာ

3rd March 2009

လူငယ်နှင့်ကိုးကွယ်မှု

ကျွန်တော်ဆိုဒ်မှ ဆက်လက်ပြီးရေးသားမည့် ပို့စ်များကို ဓမ္မသုခညီအစ်ကိုများတရားလှူဒါန်းရာဆိုဒ်တွင် ဆက်လက်ဖတ်ရှုပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

လူငယ်ဆိုတာ ဖျက်လတ်တက်ကြွသော၊ ရဲရင့်သော၊ သန်စွမ်းသော၊ ခိုင်မာသော၊ သတ္တိရှိသော၊ နိုးကြား၍ဇွဲရှိသောသူကို လူငယ်ဟု ခေါ်ပါသည်။ သို့သော်ထိုလူငယ်၏ ဂုဏ်ပုဒ်များသည် ကောင်းမွန်သော၊ အကျိုးရှိသော နေရာများတွင်သာ အသုံးချသင့်ပါသည်။ အမျိုးဘာသာကို ထိခိုက်စေနိုင်သော၊ ယဉ်ကျေးမှုကို ပျက်ပြားစေနိုင်သော အမှုကိစ္စများတွင် အသုံး ချမည်ဆိုပါက မသင့်တော်နိုင်ပေ။ အမျိုးကိုဆက်မည့်၊ ထိန်းသိမ်းမည့် သစ်လွင်ရဲရင့်သော မျိုးဆက်သစ် လူငယ်များသာ ဖြစ်သင့်ပါသည်။ ထို့ကြောင့် တမျိုးသားလုံး၏ ကောင်းမွန်သော ယဉ်ကျေးမှုများ၊ ဓလေ့စရိုက်များ၊ ထုံးတမ်းစဉ်လာများ ကိုအမွေဆက်ခံမည့် “မွေခံထိုက်စေ လူငယ်များ” ဖြစ်ဖို့ရန်မှာ ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာ မြန်မာလူငယ်များ အားလုံးတွင် တာဝန်ရှိပါသည်။ ကောင်းသည့်အမွေများအား ဆက်ခံသင့်သလို မကောင်းသည့်အကျင်၊့ စရိုက်ဆိုး များကိုလည်း ပယ်ရှားပစ်ရမည့် တာဝန်မှာ အမျိုးကပေးသော အမျိုးသားရေးတာဝန်ပင်ဖြစ်ပေတော့သည်။

’ဆက်လက်ဖတ်ရှုပါရန်‘

ရေးသားမှုကဏ္ဍတရားစာစောင်များ | 0 အကြံပြုစာ

1st February 2009

အဘိဓမ္မာနှင့်ဝိပဿနာ

အဘိဓမ္မာဟူသည် အလွန်သိမ်မွေ့နူးညံ့သောဓမ္မ၊ အလွန်နက်နဲခက်ခဲသောဓမ္မ၊ အလွန်ကျယ်ပြန့်သောဓမ္မ၊ အလွန် ထူးကဲသောဓမ္မဖြစ်သည်။ ဓမ္မဟူသည် အရှိတရား၊ အမှန်တရား၊ ကြောင်းကျိုးဆက်တရား၊ သဘာဝတရား၊ ပကတိတရား၊ ဉေယျတရား၊ နိဿတ္တတရား၊ နိယာမတရား၊ ပရမတ္ထတရား၊ သစ္စာတရားတို့ဖြစ်သည်။ အလွန့် အလွန် သိမ်မေ့နူးညံ့သော၊ ခက်ခဲနက်နဲသော၊ ထူးကဲကျယ်ပြန့်သော၊ သတ္တ အတ္တ မဟုတ်သော ပင်ကိုယ်သဘာဝအားဖြင့် အရှိအမှန်ဖြစ်သော သိအပ်သော ထိုအဘိဓမ္မာကို မြတ်ဗုဒ္ဓသည် နတ်ပြည်၌ ဟောခဲ့သည်။ ထိုမျှ ခက်ခဲသော ဓမ္မကို စိတ်အစဉ်၌ အာရုံနှင့် နီဝရဏ ကြားဝင်မခုဘဲ တစ်ဆက်တည်း မရပ်မနား တောက်လျှောက် ဧကာသန ဧက၀ါရ နာကြားနိုင်မှ တတ်သိ နားလည်နိုင်မည်ဖြစ်သည်။

လူတို့ဌာနမှာ စားရေး၊ အိပ်ရေး၊ ကိုယ်လက်သန့်ရှင်းရေး စသည့် အနှောင့်အယှက်များသည် အလုပ်တိုင်း၌ ၀င်ရောက်ဟန့်တားလေ့ရှိသည်။ အလုပ်တစ်ခု၌ စိတ်ကူးစူးစိုက်နေခိုက် ကိုယ်ခန္ဓာပင်ပန်းခြင်း၊ အလေး အပေါ့ သွားလိုခြင်း၊ အစာရေစာ ဆာလောင်ခြင်း စသည်တို့က ၀င်ရောက်နှောင့်ယှက်သောကြောင့် အလုပ်၌ စူးစိုက်ထားသော သမာဓိ ပျက်စီးရလေသည်။ ထို့ကြောင့် ပြတ်တောင်းပြတ်တောင်း ကြိမ်ပေါင်းများစွာ ဟောရလျှင် ထိုမျှ နက်နဲသည့် အဘိဓမ္မာသည် လူတို့ပြည်၌ အရာထင်၍ ကျန်ခဲ့မည် မဟုတ်ပေ။ နတ်တို့ဌာနေမှာကား အချိန်ကွာခြားချက်ကလည်း ဝေးလွန်းလှသည်။ လူ့ပြည်မှာ နှစ်တစ်ရာ တာဝတိံသာ နတ်ပြည်မှာ တစ်ရက်ဖြစ်သည်။ ထို့ကြောင့် စားချိန်အိပ်ချိန်တို့မှာ ကျဲလွန်းလှသည်။ ကျင်ကြီးကျင်ငယ် စွန့်ရခြင်း ညောင်းညာပင်ပန်းခြင်းလည်း မရှိသော ထိုနတ်များမှာ (၁၅)မိနစ်မှာ(သူတို့အချိန်ဖြင့်)ခန့်မျှသာရှိမည့် ထို အဘိဓမ္မာတရားပွဲကို တစ်ဆက်တည်း၊ တစ်ထိုင်တည်း၊ တစ်စိတ်တည်း၊ တစ်ဝီထိတည်း နားကြားခဲ့ကြလေသည်။ ထို့ကြောင့် ထိုနတ်များပြည်ဝယ် ဆက်တိုက်ဟောခဲ့သော ထိုအဘိဓမ္မာကို လူတို့ပြည်ဝယ် အရှင်သာရိပုတ္တရာ အားသာလျှင် ရက်ပေါင်းကိုးဆယ် အကြိမ်ကိုးဆယ် ပြန်လည်ဟောတော်မူ ခဲ့ပါလေသည်။ အရှင်သာရိပုတ္တရာ ဖြစ်၍သာ ထိုအဘိဓမ္မာ ကို ရက်ခြား၍ နားကြားပြီး ဆောင်ထားနိုင်ခဲ့ခြင်း ဖြစ်လေသည်။

အရှင်သာရိပုတ္တရာသည် မြတ်ဗုဒ္ဓထံမှ အကျဉ်းချုပ် နာကြားခဲ့ရသော အဘိဓမ္မာကို သူ၏တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ် ပြန်ဟောခဲ့လေသည်။ ထူးဆန်းသည်မှာ အဘိဓမ္မာကို အရှင်သာရိပုတ္တရာထံမှာ သင်ယူကြသော ရဟန်းတို့သည် မြတ်ဗုဒ္ဓတာဝတိံသာသို့ တက်ကြွသွားသောနေ့ကမှ ရှင်သာရိပုတ္တရာထံမှာ ရဟန်းပြုကြသော ရဟန်းသစ်များ ဖြစ်ကြလေသည်။ သရက်ဖြူပင်ရင်းက တန်ခိုးပြာဋိဟာပွဲကို ကြည်ညိုကြသော အမျိုးကောင်းသား(၅၀၀) တို့သည် ထိုနေ့(၀ါဆိုလပြည့်)မှာပင် ရဟန်းပြုကြ ထိုနောင် တစ်နေ့မှာပင် အဘိဓမ္မာ ကို နာကြားကြရလေသည်။ ထို အဘိဓမ္မာတရားသည်ပင် ထိုရဟန်းတို့အတွက် ၀ိပဿနာ ဖြစ်ရပေမည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ဝါတွင်းမှာပင် ထိုရဟန်း(၅၀၀)တို့သည် ရဟန္တာဖြစ်ကြပြီး ထိုဝါ (မြတ်ဗုဒ္ဓခုနှစ်ဝါမြောက်) ကျွတ်မှာပင် ထိုရဟန်းများ အဘိဓမ္မာ(၇)ကျမ်း ဆောင်တို့ (အာဘိဓမ္မိက သတ္တပကရဏိက) ဖြစ်ခဲ့ကြလေသည်။ မြတ်ဗုဒ္ဓသည် ဓမ္မ အားလုံးတို့ကို ရှေးဦးစွာ စုပေါင်းသိမ်းကျုံး၍ပြသည်။ ထို့နောင် အသေးစိတ် ခွဲခြမ်းဝေဖန်၍ပြသည်။ တစ်ဖန် ဓာတ်ခွဲ၍ပြသည်။ သိမ်းကျုံး၍ ခွဲခြမ်း ဝေဖန်ထားသော ထိုဓမ္မအသေးစိတ်ကို ပုဂ္ဂိုလ်နှင့်ယှဉ်စပ်သတ်မှတ်တော်မူပြန်သည်။ ထို့နောင် ၀ါဒအမျိုးမျိုးနှင့် နှိုင်းယှဉ်၍ ဝေဖန် ဆန်းစစ်တော်မူပြန်သည်။ ထို့နောင် အစုံစုံ ပြန်စုပုံ၍ အကြောင်းအကျိုး ဆက်စပ်ပြပြန်သည်။ အဘိဓမ္မာ(၇)ကျမ်း၌ စိတ်၊ စေတသိက်၊ ရုပ်တို့ စုရုံးခြင်း၊ ဝေဖန်ခြင်း၊ ဓာတ်ခွဲခြင်း၊ ပုဂ္ဂိုလ်ခွဲခြင်း၊ ၀ါဒယှဉ်ခြင်း၊ စုံညီပြုခြင်း၊ ကြောင်းကျိုးဆက်ခြင်းဟူသော ခုနှစ်ပါးသော နည်းစနစ်တို့သည် တကယ်စင်စစ် အလွန်လေးနက်သည့် ၀ိပဿနာ နည်းစံနစ်များ ဖြစ်ကြကုန်၏။ ထို့ကြောင့် အဘိဓမ္မ၀ိပဿနာကို နာကြားကြရသော ထိုအဘိဓမ္မာ၏ အစစွာသော နေ့တွင်မှ ရဟန်းပြုခဲ့ကြသော ရဟန်းငါးရာတို့သည် အဘိဓမ္မာပြီးဆုံးသော နေ့မှာပဲ သူတို့ ၀ိပဿနာလုပ်ငန်း ပြီးဆုံးသောနေ့ပင် ဖြစ်ရလေမည်။

ဝိပဿနာဟူသည် အထူးထူးသောနည်းတို့ဖြင့် ရုပ်နာမ်တို့၏ ပကတိ၊ သဘာဝ၊ နိယာမ၊ ကာရဏ၊ နိဿတ္တ၊ အနတ္တ၊ ပရမတ္ထ တို့ကို ရှု၍၊ စူးစမ်း၍၊ ထွင်းဖောက်၍ သစ္စာနှင့် သန္တိကို ရှာဖွေသောစနစ်၊ နည်းပညာတစ်ခုပင်ဖြစ်သည်။ ရုပ်၏ သဘာဝ ရုပ်နှင့်ရုပ်ခြင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံ၊ နာမ်၏ သဘာဝ နာမ်နှင့်နာမ်ခြင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံတို့ကို ဉာဖြစ်စဉ် ဆယ်မျိုးမှာ ပြထားသည့်အတိုင်း သန့်စင်ပုံခုနှစ်မျိုးတိုးတက်ပုံများမှာ ပြထားသည့်အတိုင်း အတွင်းကိုနှိုက် စူးစိုက်၍ အရှိကို ရှာဖွေသောနည်းသည် ၀ိပဿနာပင်ဖြစ်ရာ ၀ိပဿနာနှင့် အဘိဓမ္မာ တသားတည်းဖြစ်လေသည်။ ၀ိပဿနာရှုခြင်းသည် အဘိဓမ္မာကိုပင် ရှုသည်ဖြစ်သောကြောင့် ၀ိပဿနာနှင့် အဘိဓမ္မာ ခွဲ၍မရဖြစ်သည်။ အဘိဓမ္မာတတ်မှ ၀ိပဿနာရှုရမည်ဟု ဆိုလိုသည်မဟုတ်သော်လည်း ၀ိပဿနာရှုနေခြင်းသည် အဘိဓမ္မာ သင်ကြားနေခြင်း တစ်မျိုးလည်းဖြစ်သည်။ စိတ်၊ စေတသိက်၊ ရုပ်တို့သည် တလံမျှသော ကို၌ အစဉ်အမြဲရှိ၍နေသောကြောင့် ထိုအကြောင်းအရာကို လေ့လာနေခြင်း၊ သင်ယူနေခြင်းနှင့် ထို စိတ်၊ စေတသိက်၊ ရုပ်တို၏ သဘာဝကို စူးစူးစိုက်စိုက် ကြည့်နေခြင်းတို့သည် ခွဲခြား၍မရနိုင်သော လုပ်ငန်းများဖြစ်ကြသည်။

အနိမ့်ဆုံးအားဖြင့် ဆိုရပါလျှင် နာမ်ရုပ်မသိလျှင် ၀ိပဿနာမဖြစ်သောကြောင့် အဘိဓမ္မာနှင့် ၀ိပဿနာခွဲ၍ မရကြောင်း သေချာလှပါသည်။ နာမ်ရုပ်နှစ်ပါးသည် အ၀ိဇ္ဇာ၊ တဏှာ၊ ကံသာ အကြောင်းရင်း ရှိကြောင်း၊ ကံ၊ စိတ်၊ ဥတု အာဟာရသာ အထောက်အပံ့ရှိကြောင်း ကောင်းစွာဖော်ပြသည့် အဘိဓမ္မာပါမှ ပစ္စယပရိဂ္ဂဟဉာဏ် အပိုင်ရ၊ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိဖြစ်ကောင်း ကောင်းမြတ်သော အကျိုးကျေးဇူးတို့ကို ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းတို့က ကောင်းစွာ ထောက်ပြခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ၀ိပဿနာနှင့် အဘိဓမ္မာခွဲခြားမရသည့် အညမညပစ္စည်း စင်စစ်ဧကန် ဖြစ်သဖြင့် ၀ိပဿနာယောဂီ တို့ လူ့ဘ၀ကို လေ့လာသည့်နည်းပညာဖြစ်သည့် အဘိဓမ္မာကို လက်မလွှတ်သင့်ကြောင်း ကောင်းစွာ တင်ပြအပ်ပါသည်။

သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိဿရ ရေးသားခဲ့သော ဆောင်းပါးတစ်ပုဒ်ကို ပြန်လည် ရေးသား ဖော်ပြခြင်းဖြစ်ပါသည်။

ရေးသားမှုကဏ္ဍနှစ်သက်သောတရားစာပေများ | 0 အကြံပြုစာ

8th December 2008

ပန်းခင်းသောလမ်း

မင်္ဂလာပွဲ ဖိတ်ကြားလွှာကို သူငယ်ချင်းဆီကနေရောက်ရှိလာတော့ ကိုယ်တိုင်ပင်တက်ရောက်ချင်ပါသည်။ အဝေးမှာ ဆိုတော့ မည်သို့မျှပင် မတတ်နိုင်ခဲ့ပါ။ စိတ်ကူးလေးပေါ်လာတာနဲ့ မင်္ဂလာလက်ဖွဲ့အဖြစ် စာလေးတော့ ရေးချင်လာတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူငယ်ချင်းမှ စာလက်ဖွဲ့အဖြစ် ဗုဒ္ဓ၏အဆုံးအမတို့ဖြင့် ရေးသားသော လက်ဖွဲ့ကိုလိုချင်သည် ဆိုတာဖြင့် အကိုက်ပင်ဖြစ်သွားခဲ့ပါတယ်။ စာကိုရေးသားပို့ပြီးချိန်မှာတော့ ကျွန်တော်စိတ်ထဲ မသိသေးသောသူများ သိစေလိုတာရယ်၊ မေ့လျော့နေသူများ သတိဖြစ်စေချင်တာရယ်ကြောင့် တင်ပြချင်စိတ်ကလေးဖြစ်လာတာနဲ့ပဲ တတ်အား သမျှသောစာလေးကို အများကျိုးဖြစ်စေခြင်းငှာ တင်ပြလိုက်ပါတယ်။

အချစ်ဆုံးသူငယ်ချင်း သူရဇော် နှင့် မတင်တင်ထိုက် တို့အတွက် ကျွန်တော်၏ တတ်စွမ်းသမျှသော စာပေအနုပညာဖြင့် အဝေးတစ်မြေမှ မေတ္တာလက်ဖွဲ့ စာရေးသားလိုက်ပါခြင်းသာဖြစ်ပါသည်။ တစ်ခြားသော မိတ်ဆွေအပေါင်းလည်း ဘ၀လက်တွဲဖော်ထူထောင်မယ်ဆိုရင် ပန်းခင်းသောလမ်းကို လျှောက်လှမ်းနိုင်ကြပါစေလို့ မေတ္တာပို့ဆုတောင်းလိုက်ပါ သည်။

တူစုံမောင်မယ် တွဲလက်မဖြုတ်တမ်း သစ္စာတရားဖြင့် ဘ၀ခရီးလမ်းကို ဖြတ်လျှောက်ကြတဲ့အခါ ပန်းခင်းသောလမ်းကို လျှောက်လှမ်းသကဲ့သို့ အဆင်ပြေချောမွေ့ပြီး သံသရာမှ ရုန်းထွက်နိုင်ကြသော ပါရမီဖြည့်ဖက်များ ဖြစ်ကြပါစေလို့ ဦးစွာ ဆန္ဒပြုပါသည်။

ပန်းခင်းသောလမ်း

ပန်းခင်းသောလမ်းဆိုကတည်းက ပန်းရနံ့တွေမွှေးကြိုင်ပြီး လျှောက်လမ်းရတဲ့လမ်းဟာ အဆင်ပြေချောမွေ့နေခြင်း ဖြစ်ပါတယ်။ သီလတရားတွေလုံခြုံပြီး သီလရနံ့တွေ မွှေးကြိုင်ကာ တစ်ဦးနဲ့တစ်ဦးအပေါ်မှာ ဗြဟ္မာစိုရ်တရား(မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ)နဲ့နေထိုင်ပြီး ဒါနမှု၊ သီလမှု၊ ဘာဝနာမှုတို့ဖြင့် လျှောက်လမ်းရင်ဖြင့် ပန်းခင်းသောလမ်းကို လျှောက်လှမ်းခြင်းလို့ ဆိုရမှာပါ။ သီလတရားဆိုတာကတော့ လူတို့ကျင့်အပ်သော ငါးပါးသီလ စောင့်ထိန်းခြင်းပါပဲ။ သီလတရားကိုသိထားပေမယ့် ဘယ်လိုစောင့်ထိန်းသင့်သလဲဆိုတာကို တွေးဆကြည့်ပါ။ လူတိုင်းလူတိုင်းဟာ ကိုယ့်အသက်ကို နှမြောကြတယ်၊ သေမှာကြောက်ကြတယ်၊ ဒီလိုဆို မှဲ့၊ ခြင်၊ ယင်ကအစ သတ္တ၀ါတိုင်းဟာ သေမှာကြောက်ကြတာချည်းပဲ။ ဒါဆိုကိုယ်ကလည်း သူများအသက်ကိုလည်း မသတ်မိအောင် ရှောင်ကြဉ်သင့်တာပေါ့။ ညှင်းပန်းနှိပ်စက်ခြင်းဆိုတာလည်း ပါဝင်တယ်ဆိုတာ ထပ်ပြီးသတိထားလိုက်ပါ။ သူများပစ္စည်းခိုးတာ၊ ကာမဂုဏ်မှာ မှောက်မှားတာ လိမ်လည်ပြောဆိုတာ အရက်သေစာသောက်စားတာ အားလုံး ဒီပုံစံကျင့်သုံးလိုက်ရင် သီလတရား ဖြည့်ကျင့်နေတယ်၊ စောင့်ထိန်းနေတယ်ဆိုတာ အမှတ်ရလိုက်ပါ။ သတိရလိုက်ပါ။ လိမ်လည်ပြောဆိုရာမှာ ကြမ်းတမ်းတဲ့ စကားပြောဆိုတာ ကုန်းတိုက်တဲ့စကားပြောဆိုတာ အနှစ်သာရမရှိတဲ့စကားပြောဆိုတာပါဝင်နေတယ်ဆိုတာ သတိလေး တစ်ချက်ဝင်လိုက်ပါ။ အရက်သေစာမှာတော့ သူငယ်ချင်းက အထူးရှောင်ကြဉ်ရလိမ့်မယ်။ သီလတရားထဲမှာလည်းပါတယ်၊ ကိုယ့်အမျိုးသမီးကလည်းကြိုက်မှာ မဟုတ်ဘူး။ အရက်သေစာမှာလည်း မူးရစ်စေတတ်တာ အကုန်ပါဝင်နေမယ်ဆိုတာ ထပ်ပြီး သတိထားလိုက်ပါ။ ဒီသီလတရားတွေကို တစ်ယောက်နဲ့တစ်ယောက် မပျက်စီးရအောင် ဖေးဖေးမမ ကူညီသွားရမှာပါ။ ဒါဆိုရင်တော့ ရနံ့လေးတွေ မွှေးကြိုင်နေမှာပါ။

ဘုရားရှင်ဟောကြားခဲ့သော ခင်ပွန်းနှင်ဇနီးဆက်ဆံရေး

ဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်မှာ သီတင်းသုံးစဉ် သိင်္ဂါလသတို့သားကို အကြောင်းပြု ဟောကြားခဲ့ တာပါ။ လင်ယောကျာင်္းကနေ ဇနီးမယားအပေါ် ထားအပ်သောအရာငါးမျိုးရှိပါတယ်။

၁။ အမြတ်တနိုး ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊

၂။ နှိမ့်ချ၍ မခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ အိမ်ထောင်ရေး သာယာစိုပြေမှုမှာ ဒီအချက်တွေကလည်း အရေးကြီးပါတယ်။ တစ်ချို့တွေမှာတွေ့ရတတ်တယ်။ မရခင်တစ်မျိုး၊ ရပြီးတော့တစ်မျိုး အခေါ်အဝေါ်တွေ ပြောင်းသွားတတ်တယ်နော်။ စီးပွားရေးမှာ အဆင်မပြေလို့ပဲဖြစ်ဖြစ် အကြောင်းတစ်မျိုးမျိုးနဲ့ ခေါ်တာပြောင်းသွားတယ်။ ကိုယ်ကချစ်သူရည်းစားဘ၀က မြတ်မြတ်နိုးနိုးနဲ့ ခေါ်ဝေါ်သလို အသက်တွေကြီး အဖိုးအဖွားဖြစ်တဲ့ထိတောင် ခေါ်သင့်ပါတယ်နော်။ အိမ်နေရင်းပဲဖြစ်ဖြစ်၊ လူကြားထဲမှာပဲဖြစ်ဖြစ် ခေါ်သင့်ပါတယ်။ ပတ်ဝန်းကျင်က ပိုကိုပိုတယ် စသဖြင့် ဘယ်လိုပဲပြောပြော ကိုယ့်ချစ်သူ ဇနီး မယားက ဒီအပေါ်မှာ နှစ်သက်နေတယ်ဆိုတာ သတိပြန်ရလိုက်ပါ။

၃။ မိမိမယားကို လွန်၍ အခြားမိန်းမတို့၌ မပျော်ပါးခြင်းခြင့်လည်းကောင်း၊ ဒီအချက်ကတော့ ရှင်းပြဖို့မလိုလောက်အောင်ကို ရှင်းပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း မြင်တွေ့နေရတတ်ပါတယ်။ သူများကိုကြည့်ပြီး ကိုယ်ကသိဖို့လိုပါတယ်။

၎။ စားဖိုဆောင် အုပ်စိုးမှုကို လွှဲအပ်ခြင်းဖြင့်လည်းကောင်း၊ ဆိုလိုတာက စားဖိုဆောင်အုပ်စိုးမှုဆိုတာ မိန်းမတို့ တတ်အပ်ပြီးသောအရာပါ။ ကိုယ်က ၀င်ရောက်မစွက်ဖက်မိဖို့ ဆိုလိုရင်းပါ။ ဒါပေမယ့်လည်း အ၀င်အထွက် မျှတအောင် စီမံနိုင်တဲ့ အမျိုးသမီးဆို ပြဿနာမရှိပါဘူး။ ဒီလိုမဟုတ်ခဲ့ရင် ကိုယ်က လမ်းညွှန်ပြဖို့၊ အကြံဉာဏ်ပေးဖို့တော့ လိုပါလိမ့်မယ်။

၅။ အ၀တ်တန်ဆာကို ပေးခြင်းဖြင့်လည်းကောင်း၊ ကိုယ့်ဇနီးမယားကို အ၀တ်စားလေးတွေ ၀ယ်ချင်တာဆိုလည်း လိုက်ဝေးပေးလိုက်ပါ။ ကိုယ်က နားမလည်ရင်တောင် ကိုယ့်ဇနီးအတွက် စေတနာထား ရွေးချယ်ပေးသင့်တယ်။ ကိုယ်ကိုယ်တိုင် အမှတ်တရနေ့လေးတွေမှာလည်း ၀ယ်ပေးသင့်တယ်။ အ၀တ်အစား မလိုအပ်ဘူးပဲထား ကိုယ့်ရဲ့ကြင်နာမှု၊ ဂရုစိုက်မှုတို့ကို ဒီလို အ၀တ်အစား အသုံးအဆောင်ပစ္စည်းလေးတွေ လက်ဆောင်ပေးပြီး ပြသင့်သင့်တယ်ဆိုတဲ့ သဘော ပါ။ ချစ်သူရည်းစားမှာတုန်းကတော့ ဒါမျိုးလေးတွေ ခဏခဏ သတိရတတ်တယ်။ အိမ်ထောင်ကျပြီးတော့ အလုပ်နဲ့ မေ့သွားတတ်တာတွေရှိတယ်။

တစ်ခါ ဇနီးမယားကလည်း လင်ယောကျာင်္းအပေါ် စောင့်ရှောက်အပ်သော အရာ(၅)မျိုးရှိပါသေးတယ်။

၁။ အမှုကြီးငယ်ကိုလည်း ကောင်းစွာစီရင်၏။ ဆိုလိုတာက ကိုယ့်ယောကျာင်္း အလုပ်သွားတာဖြစ်ဖြစ်၊ ရုံးသွားတာဖြစ်ဖြစ် အချိန်နောက်မကျအောင် စားသောက်ဖွယ်လေးတွေ စီစဉ်ပေးတာ အ၀တ်အစားလေးတွေ ကိုယ်တိုင်ရွေးချယ်ပေးတာ ထမင်းလက်စုံစားတာ အခက်အခဲလေးတွေပြောပြတာ စတဲ့ အသေးဖွယ်လေးတွေကနေ ကိုယ့်ယောကျာင်္းရဲ့ လုပ်ငန်းအခက်အခဲတွေထိ ၀ိုင်းဝန်းစဉ်းစား ဖြေရှင်းပေးရမယ်။ ကိုယ့်ယောကျာင်္း ဘာတွေဖြစ်နေမလဲဆိုတာ သိနေဖို့၊ လိုအပ်မှုတွေ ဇနီးကောင်းတစ်ယောက်အနေနဲ့ ဖြည့်ဆည်းပေးနိုင်ဖို့ သိနေရမယ်ဆိုတာပါ။

၂။ နှစ်ဖက်သော ဆွေမျိုးကိုလည်း ချီးမြှောက်အပ်၏။ ဒါကတော့ ကိုယ်အဆင်ပြေမှ ပေးနိုင်မယ်ဆိုတာရယ်လို့ မဟုတ်ပါဘူး။ ကိုယ်တတ်နိုင်တာလေးတွေ များမကြာ ထောက်ပံ့ကန်တော့ပေးနေဖို့ လိုပါတယ်။ စေတနာရှိတဲ့သူအတွက် က အမြဲတမ်းပိုနေပါတယ်။ အဓိကက ကိုယ့်စိတ်စေတနာပါပဲ။ ငွေကြေးတွေ အများကြီးပေးနိုင်မှ မဟုတ်ပါဘူး။ ဟင်းတစ်ခွက်တတ်နိုင်တတ်နိုင် အ၀တ်တစ်ထည် တတ်နိုင်တတ်နိုင် ထောက်ပံ့ပေးဖို့ပါ။ နှစ်ဖက်ဆွေမျိုး မျှမျှတတပေါ့။ လိုအပ်ရင် လိုအပ်သလို ဦးစားပေးတာကိုလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးဖို့လိုတာပေါ့။

၃။ မိမိလင်မှတစ်ပါး အခြားယောကျာင်္း၌ လွန်ကျူးသော အကျင့်မှ ကင်း၏။ မြန်မာမိန်းခလေးတော်တော်များများကတော့ ကင်းကြပါတယ်။ ရှောင်ကြဉ်ကြပါတယ်။

၎။ ရှာဖွေစုဆောင်းခဲ့သည့် ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်၏။ ဒီအချက် သိပ်ကို အရေးကြီးပါတယ်။ အိမ်ထောင်မှု နိုင်နင်းရမယ်ဆိုတာ ဆိုလိုရင်းပေါ့။ ၀င်ငွေ၊ ထွက်ငွေ ညီမျှအောင်၊ ကိုယ့်သားသမီးများရလာတဲ့အခါ၊ နာမကျန်းဖြစ်တဲ့အခါ အဆင်သင့်ဖြစ်အောင် စောင့်ထိန်းတတ်ရမှာပါ။ မကုန်သင့်တာ မကုန်အောင်၊ ငွေတစ်ထောင်လောက်နဲ့ ပြီးမှာကို တစ်သောင်းမကုန်အောင်ပေါ့။ ပစ္စည်းဥစ္စာ မပျောက်ပျက်အောင် ထိမ်းသိန်း စောင့်ရှောက်ရမယ်ဆိုတာပါ။

၅။ အလုံးစုံသော ကိစ္စတို့၌ လိမ္မာ၍ ပျင်းရိခြင်း ကင်း၏။ အလုံးစုံ ဆိုကတည်းက ကိစ္စတိုင်းမှာ ပါဝင်နေပါတယ်။ ဥပမာ။ ကိုယ့်ယောကျာင်္းက မနိုးခင် ကိုယ်က ဦးစာထပြီး ဘုရားဆွမ်းတော် သောက်တော်ကပ်ပြီး တရားစာများဖြင့် ရွတ်ဖတ်ပူဇော်မယ်။ ဒါဆိုရင် စိတ်ကလေးတွေ ကြည်လင်နေလိမ့်မယ့်။ စိတ်ကြည်လင်မှုနဲ့အတူ ကိုယ်ယောကျာင်္းကို စကားအရာ ချိုချိုသာသာနဲ့ ဆက်ဆံပြောဆိုတတ်ရမှာပေါ့။ ဒါဟာ လိမ္မာပြီး ပျင်းရိခြင်းကင်းတယ်လို့ဆိုလိုတာပါ။ ဒီလိုမျိုး ကိစ္စအ၀၀မှာ ပြုလုပ်တတ်နေရပါ့မယ်။

ဒီိလို တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံပေါင်းသင်းမယ်ဆိုရင် အေးချမ်းမယ်၊ လုံခြုံမယ်၊ ဘေးကင်းမယ်လို့ ဘုရားရှင်ဟောကြားခဲ့ပါတယ်။ ဒါကိုပဲ တို့တွေ သိသိနေတဲ့ လင့်ဝတ္တရား မယားဝတ္တရား ငါးပါးရယ်လို့ သိနေကြတာပါပဲ။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ဘုရားရှင်ဟောကြားခဲ့တာတွေက အံဝင်ဂွင်ကျ ဖြစ်နေတုန်းပါ။ လိုက်နာကျင့်ဆောင် မယ်ဆိုရင် အကျိုးများပါတယ်။

ဗြဟ္မစိုရ်တရားဆိုတာ မြတ်သောအကျင့်လို့ အဓိပ္ပါယ်ရပါတယ်။ လူတိုင်းလူတိုင်း ထားအပ်သောအရာပါ။ လင်နဲ့မယားမှာ လည်း ထားအပ်တဲ့ အရာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် မေတ္တာထားတယ်ဆိုတာ ကိုယ့်အိမ်သူ အိမ်သား အနီးမှာ ပဲဖြစ်ဖြစ် အဝေးမှာပဲဖြစ်ဖြစ် စိတ်ထဲကတစ်မျိုး နှုတ်ကတစ်သွယ် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ စသဖြင့် မေတ္တာ အမြဲတမ်းထားနေတာပါ။ ကရုဏာဆိုတာကလည်း လင်ယောကျာင်္းကလည်း ကိုယ့်ဇနီးမယားအပေါ်မှာ နှမအရင်း သဖွယ် ကရုဏာထားစောင့်ရှောက်ရမယ်။ အစစအရာရာ ဦးဆောင်ဦးရွက်ရှိရမယ်။ ဇနီးမယားကလည်း ဒီလိုပါပဲ။ ကိုယ်ခင်ပွန်း အပေါ်မှာ ကိုယ့်ရဲ့အစ်ကို မောင် သဖွယ်လည်း လေးစားရမယ်၊ ကရုဏာ ပြုစုစောင့်ရှောက်ရမယ်။ မုဒိတာဆိုတာကတော့ ခင်ပွန်းနဲ့ ဇနီးသည်ကြားမှာ ရှိကြတာများပါတယ်။ တစ်ချို့တွေ အိမ်ထောင်ရေးမှာ မထားအပ်တဲ့ မာနလေးတွေကြောင့် အဆင်မပြေရာကနေ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တတ်ကြပါတယ်။ ခေတ်အခြေအနေရ ခင်ပွန်းကော ဇနီးသည်ပါ အလုပ်လုပ်ကြတော့ တစ်ယောက်နဲ့တစ်ယောက် အလုပ်အဆင်ပြေမှုလေးတွေမှာ မုဒိတာပွားပြီး ချီးကျူးစကားလေးတွေ ပြောဆိုပေးတတ်ဖို့လိုပါတယ်။ ဥပေက္ခာဆိုတာကျတော့ လျစ်လျူရှုတာကို ပြောတာမဟုတ်ပါဘူး။ သုခဖြစ်ခြင်း ဒုက္ခဖြစ်ခြင်းကြားကနေ နေတတ်တာကို ပြောတာပါ။ တစ်ယောက်နဲ့တစ်ယောက် အပျော်လွန်ခြင်းတွေ မဖြစ်အောင် စိတ်ညစ်စရာကြုံလာရင်လည်း အလွန်အကျွံမဖြစ်အောင် ဖေးဖေးမမနဲ့ ဥပေက္ခာတရားပြုနိုင်အောင်ကြိုးစား သွားရမှာပါ။

ဒါနကိုလည်း မေလျော့မနေအောင် တစ်ယောက်နဲ့တစ်ယောက် သတိပေးပြီး ပြုပြီးသော ဒါနတွေကိုလည်း ပြန်လည်ပီတိဖြစ်ပြီးတော့ ဆင်ခြင်နေရမယ်။ လှူဒါန်းတဲ့အခါမှာလည်း ဘာမှ တွယ်ကပ်မှုမရှိပဲနဲ့ ပါရမီထိုက်အောင် ဒါနပြုရမှာပါ။ ဒါနပြုတဲ့အခါ ပါရမီမြောက်ချင်တယ်ဆိုရင် ၁။ နိဗ္ဗာန်ကို ဦးတည်ထားရမယ်၊ ၂။ သူတစ်ပါးအကျိုးကို ငဲ့ရမယ်၊ ၃။ မိမိအကျိုးကိုမငဲ့ရဘူး။ ဒီသုံးချက်ပါပဲ။ ဥပမာ- စာကလေးတွေကို အစာကျွေးတယ်ပဲဆိုပါစို့။ ဤကောင်းမှု ကုလ်သိုလ်သည် နိဗ္ဗာန်၏အထောက်အပံ့ ဖြစ်ပါစေ၊ ဤအစာလေးတွေစားပြီး စာကလေးတွေ ကိုယ်ဆင်းရဲကင်းကြပါစေ၊ စိတ်ဆင်းရဲကင်းကြပါစေ၊ အစစအရာရာအဆင်ပြေပါစေ လို့ဆုတောင်းမေတ္တာပို့ပြီး ကျွေးလိုက်ရင် လှူလိုက်ရင် လောကီအကျိုးမတောင့်တရင် အင်္ဂါသုံးချက်ပြည့်စုံတဲ့အတွက် ဒါနပါရမီမြောက်တဲ့ ဒါနဖြစ်သွားပါပြီ။ ဒီတရားလေးတွေကို မေ့လျော့မနေအောင် ဒါနခဏခဏ ဤကဲ့သို့ပြုနိုင်အောင် တစ်ယောက်နဲ့တစ်ယောက် ဖြည့်ကျင့်သွားမယ်ဆိုရင် ပါရမီဖြည့်ဖက်ဖြစ်သွားပါပြီ။ ဒီအတိုင်း လိုက်နာကျင့်သုံး သွားမယ် ဆိုရင်တော့ ပန်းခင်းသောလမ်းကို လျှောက်လှမ်းသော ဇနီးမောင်နှံ ဖြစ်သွားပါပြီ။ သူငယ်ချင်း ဘ၀လက်တွဲဖော်အဖြစ် ထူထောင်ပြီးချိန်မှ စပြီး ပန်းခင်းသောလမ်းကို လျှောက်လှမ်းနိုင် ကြပါစေ။ ဒီအချက်လေးတွေဟာ ဆရာလုပ်၍ပြောပြခြင်း မဟုတ်ဘဲ ဘုရားရှင် မိန့်ကြားတော်မူခဲ့သည်ကို ကျွန်တော်နားလည်သမျှ အဓိပ္ပါယ်ဖွင့်ဆိုပေးခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ဖြစ်သူတိုင်း ဤသို့လိုက်နာကျင့်သုံးသင့်တယ် ဆိုတာမှတ်ယူစေချင်ပါသည်။ သာယာအေးချမ်းသော ဘ၀ကိုပိုင်ဆိုင်ကြပါစေ။

ကျမ်းကိုး။ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်၊ ဆရာတော်ရဝေနွယ်(အင်းမ)ရေးသားသော မြင့်မြတ်သူတို့အလုပ်

ရေးသားမှုကဏ္ဍတရားစာစောင်များ | 0 အကြံပြုစာ

2nd December 2008

အိမ်တွင်းသာသနာ ပြုကြပါစို့

ဆရာကောင်းကို မှီဝဲဆည်းကပ်၍ ဗုဒ္ဓစာပေများကို နှစ်နှစ်ခန့်လေ့လာပြီးအချိန်လောက်တွင် ရင်တွင်း၌ဖြစ်လာသော သဒ္ဓါတရား၏ နှိုးဆော်မှုကြောင့် သာသနာပြုလုပ်ငန်းကို တတ်နိုင်သမျှ အစွမ်းကုန်ဆောင်ရွက်ရန် စိတ်သဏ္ဍာန်၌ ဖြစ်ပေါ်လာခဲ့သည်။ သို့နှင့် ဆရာတော်ဘုရားထံ လျှောက်ထားကြည့်တော့ ဆရာတော်ဘုရားမှ ဤသို့မိန့်ကြားခဲ့လေသည်။

သာသနာပြုခြင်းဆိုတာ မြတ်စွာဘုရား၏ အဆုံးအမတို့ကို လူတိုင်းလူတိုင်း လိုက်နာကျင့်ကြံလာစေရန် ဆောင်ရွက် ပေးခြင်းဖြစ်တယ်။ ထိုသို့ သာသနာပြုရာတွင် သာသနာပြုပုံစံ အမျိုးမျိုးပြုလုပ်ကြတယ်။ ဟောပြောခြင်း၊ ရေးသားခြင်း၊ သင်ကြားပြသခြင်း စသည်ဖြင့် မိမိတို့အားသန်ရာ လုပ်ကြည်သည်ကို နေရာမျိုးစုံမှာ တွေ့ရတတ်တယ်။ သာသနာပြုတော့ မယ်ဆိုရင် မိမိကိုယ်တိုင် စိတ်ကြိုဖူစင်အောင်ထားတတ်ဖို့လိုတယ်။ မကောင်းမှု အကုသိုလ်ကိုရှောင်ရမယ်။ ဒါမှ မိမိစိတ်ကို ဖြူစင်အောင်ထားနိုင်မယ်။ မေတ္တာစေတနာ ကောင်းထားနိုင်တဲ့ သူတော်ကောင်းစိတ်ရှိရမယ်။ မေတ္တာစေတနာထားခြင်း ဟာ သာသနာပြုသူအတွက် ပဓာနကျသော အရင်းစိတ်ဖြစ်တယ်။ သို့မှ သတ္တ၀ါများအပေါ် မေတ္တာစိတ်နဲ့ အယူအမြင် အားမှ ကင်းဝေးအောင် စွမ်းဆောင်ပေးနိုင်မယ်။ အဲလိုဆိုတော့ ဒကာလေးရယ် သာသနာပြုတော့မယ်ဆိုရင် မိမိစိတ်ကို မေတ္တာလွှမ်းခြုံအောင် အလျင်ဦးစွာ ပြုလုပ်မှ သဘာဝကျပေတော့မပေါ့။

ဆရာတော်မိန့်ကြားနေစဉ်မှာပင် သြော် ငါသတ္တ၀ါတိုင်း မေတ္တာထားနိုင်အောင် အရင်ကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက် စိတ်သဏ္ဍာန်လေး လျှပ်တပျက်ချလိုက်မိပါသည်။ မေတ္တာစိတ် ပိုင်ဆိုင်ရန်အတွက် စွမ်းဆောင်ခြင်းဟာလည်း ဗြဟ္မာစိုရ် တရားလက်ကိုင်ထားပြီး အားထုတ်ခြင်းတစ်မျိုးလည်း မဟုတ်ပါပေလော။ ဆက်၍ ဆရာတော်သည် ဘုရားရှင်လက်ထက် ဓမ္မိကရဟန်းဝတ္ထုကို ဟောကြားတောမူခဲ့သည်။ ဓမ္မိကရဟန်းသည် မယားနှင့် သားကို ပြောပြ၍ သာသနာဘောင်အတွင်း ၀င်ရောက်၍ ကိုယ်ကိုတိုင် ရဟန်းကိစ္စပြီးမြောက်မှ သားနှင့် မယားအား တရားရအောင် သာသနာပြုသော ၀တ္ထုဖြစ်ပါ သည်။ ဓမ္မိကမထေရ်အကြောင်းနှင့် ပတ်သက်၍ အောက်ပါတရားကို မြတ်စွာဘုရားရှင်မှ ဟောကြားတော်မူလေသည်။

· ပညာရှိမည်သည် မိမိအတွက်ဖြစ်စေ၊ သူတစ်ပါးအတွက်ဖြစ်စေ မကောင်းမှုကို မပြုတော့ပေ။

· မကောင်းမှုဖြင့် သားသမီးကိုလည်းကောင်း၊ ဥစ္စာကိုလည်းကောင်း၊ တိုင်းပြည်ကိုလည်းကောင်း အလိုမရှိရာ။

· မတရားမှုပြု၍ မိမိ၏ ပြည့်စုံကြွယ်ဝမှုကိုလည်း အလိုမရှိရာ။

ဤသို့သဘောရှိသော ပုဂ္ဂိုလ်မျိုးသည် သီလရှိသူ၊ ပညာရှိသူ၊ တရားရှိသူဖြစ်၏။

လူသည် မိမိကိုယ်မိမိ အချစ်ဆုံးဖြစ်တော့ မိမိကောင်းစားဖို့၊ စီးပွားဥစ္စာ ပြည့်စုံရန် ရှာဖွေကြနေကြတယ်။ (မိမိလို့ ဆိုလိုက်တော့ မိသားစုလည်းပါဝင်နေပြီဆိုတာ ကျွန်တော်ကောင်းစွာ သဘောက်ပေါက်ခဲ့ပါသည်)။ ပုထုဇဉ်ဆိုတာက တဏှာအခြေခံတဲ့ မာနနဲ့ အတ္တသည် မလွဲမသွေ ပါဝင်တော့တာပေါ့ ဒကာလေး။ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ အကျိုးအမြတ်ကို ရှေ့တန်းတော့တယ်။ အမှားအမှန် မဝေခွဲနိုင်တော့ဘူး။ အထင်အမြင်လွဲမှားသည်နှင့် မတရားမှုမှန်း မသိတော့ဘူး။ လက်ရှိအနေအထားမှာတော့ လူမှုဆက်ဆံရေးမှာ အောင်မြင်နေတာပေါ့။ သာယာစိုပြေနေတာပေါ့။ လောကသဘာဝအရ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံကြွယ်ဝမှုသည် ဘ၀အတွက်၊ မိသားစုအတွက်၊ တိုင်းပြည်အတွက် သာယာမှုကို အထိုက်အလျောက် ပေးစွမ်းနိုင်တာတော့ မှန်ပေမယ့် ဒီလိုမျိုးဆိုတာ တရားသဖြင့်ရသော ပြည့်စုံကြွယ်ဝမှု မျိုးပဲဖြစ်သင့်တယ်။ မတရားသဖြင့်ဆိုရင်တော့ ဒီငြိမ်းချမ်းသာယာမှုဆိုတာလည်း တာရှည်ခံမှာမဟုတ်ဘူး ဒကာလေးရေ။ တရားသဖြင့် ပြုရမည်ဆိုကတည်းက ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ပါဝင်လာပြီပေါ့။ တစ်နည်းအားဖြင့် သီလပေါ့ကွာ။ သီလကို အခြေခံအုတ်မြစ်သဖွယ် အခိုင်အခံ့တည်ဆောက်သော ပြည့်စုံကြွယ်ဝမှုသာလျှင် လောကကိုအလှဆင်နိုင်မယ်။ ငြိမ်းချမ်းသာယမှုကို ပေးစွမ်းနိုင်မယ်။ ကြာရှည်တည်တံ့ခိုင်မြဲတော့မပေါ့။ ကျွန်တော်စိတ်ထဲမှာတော့ အတော်ပင်နားလည် ရှင်းလင်းသွားခဲ့ရပါသည်။

ဆရာတော်။ ။ ဆရာတော်ပြောတာ နားလည်လား ဒကာလေး။

ကျွန်တော်။ ။ တင်ပါ့ဘုရား။ တပည့်တော်ကိုယ်တိုင် တရားတော်များနာကြား၊ တရားဓမ္မစာပေတွေလေ့လာ၊ ကိုယ်တိုင်ကျင့်ကြံပြီး တရားရအောင် အားထုတ်ရမယ်ဆိုတာရယ်၊ သတ္တာဝါတွေအပေါ် မေတ္တာစေတနာ ထားနိုင်အောင်ရယ်၊ သီလကိုလည်း ၀ါရိတ္တသီလကနေ စာရိတ္တဖြစ်အောင် ကြိုးစားဖို့ရယ်ဆိုတာ အဓိကထား အရင်ဖြည့် ဆည်းရမယ်ဆိုတာ တပည့်တော်နားလည်ပါတယ်ဘုရား။ ဒီလိုဖြည့်ကျင့်ရင်းကနေ တပည့်တော်မိသားစုအတွင်းမှစ သာသနာပြုပြီး မိသားစုကနေ နိုင်ငံတော်အထိ အဆင့်ဆင့်သာသနာပြုသွားပါ့မယ်ဘုရား။

သို့နှင့် ဆရာတော်အား ရှိခိုးကန်တော့၍ သီလတရားမှစ၍ ဖြည့်ကျင့်ရင်း နှစ်အတန်ငယ်ကြာ လေ့လာဆည်းပူးမိခဲ့ပါသည်။ မိခင်၏ အယူလွဲနေမှုအကြောင်း အစ်မကြီးမှပြောပြ၍ မိမိစိတ်ထဲတွင် အိမ်တွင်းသာသနာပြုစတင်ရန် စိတ်ဆုံးဖြတ်လျှက် မိခင်ထံပြန်လာခဲ့ပါသည်။ လမ်းတလျှောက် မိခင်အားမေတ္တာပို့ကာ လာခဲ့သည်။ မိခင်၏ အယူလွဲနေမှုများကို စဉ်းစားရင်း သက်ပြင်းများပင် ချခဲ့မိပါသည်။ ရိုးရာအစဉ်အလာဟူ၍ နတ်များကိုကိုးကွယ်ကာ ဘေးဘယာကင်းအောင် လာဘ်လာဘရွှင်အောင် ဆောင်ရွက်ရ၊ လောကဓံလေးများကြုံလာတော့ ဗေဒင်ဆရာဆီပြေးကပ်ရ၊ အဆောင်အယောင်တွေ လုပ်လိုက်ရ၊ ဂါထာမန္တာန်တွေရွတ်ရ၊ အင်းအိုင်လက်ဖွဲ့တွေ သုံးလိုသုံး၊ ဘိုးတော်လိုလို ဓါတ်လိုလိုဆီလည်း သွားလိုက်သေး၊ အိမ်ဘုရားစင်နံဘေးမှာလည်း နတ်ရုပ်တွေ၊ ဘိုးဘိုးအောင်ရုပ်တွေ၊ သူရဿတီမယ်တော်ပုံတွေ၊ အစုံအလင်နဲ့ ဘုရားစင်နံရံမှာလည်း ဥုံအစချီတဲ့ လာဘ်ရွှင်ဂါထာကလည်း ရေးလိုက် ရွတ်လိုက်သေး။ အဝေးမှနေ စာရေးစဉ်ကလည်း ၀ိပဿနာတရားအားထုတ်တာကလည်း လွန်ရောတဲ့။ ဒီ ဒိဋ္ဌိတွေ တဏှာတွေ မာနတွေနဲ့ ဘယ်လိုတရားရနိုင်ပါ့ အိုမိခင်ရယ်။ ငါ့ဥစ္စာ၊ ငါ့သား၊ ငါ့သမီး၊ ငါ့ရွှေ၊ ငါ့ငေ၊ွ တပ်မက်လိုက်သည်ကလည်း ဖြစ်ခြင်း။ ရွာဦးကျောင်း ဆရာတော်ဆီကိုမှ ဆွမ်းမှန်မှန် ပို့ပါရဲ့လား မိခင်။ ထိုသို့သော အတွေးများဖြင့် လမ်းတစ်လျှောက် လျှောက်၍လာခဲ့သည်။

အိမ်ရောက်၍ မနားနိုင်ဘဲ ဦးဖိုးကြား၏ ၃၇မင်း နတ်သမိုင်းကို ပြောပြကာ စတင်တိုက်ပွဲဝင်ရပါတော့သည်။ နှစ်ပေါင်းများစွာ စွဲလာသော အစွဲကြောင့် ရက်အတန်ကြာ နတ်ပြုစားမှာ ကြောက်သလိုလို၊ လိုလိုများစွာဖြင့် နတ်ပွဲလေးတောင် မဖြုတ်ရဲပေ။ ကိုယ်တိုင်ဖြုတ်၍ နေ့ပေါင်းများစွာ ဗုဒ္ဓတရားတော်များကို ဟောပြောပြမှ ငါ့သားဆိုသော လူကိုခင်မင်စိတ်နှင့် တရားကိုမင်လာပါတော့တယ်။ ဒါတောင် စိတ်ကမရှင်းသေးပေ။ တစ်ဖက်မှာလည်း ၀င်လေထွက်လေကိုလည်း သမာဓိအားကောင်းအောင် နာရီပိုင်းမျှ ကိုယ်တိုင် မိခင်နှင့်အတူထိုင်က ကျင့်ကြံပေးရပါသည်။ ဘုရားစင်ကိုလည်း မိခင်အားဘေးမှထား ပြောပြရင်း ကိုယ်တိုင်ပြုပြင်ပေးရ၏။ ဘုရား၊ တရား၊ သံဃာအပေါ်၌ ကြည်ညိုတတ်ရန် တရားများဟောပြ၊ ကံကံ၏ အကျိုးများကို နားလည်အောင် အတတ်နိုင်ဆုံးပြောပြရသည်။ အလှူအတန်းပြုတော့လည်း မှားယွင်းနေသော အယူအဆများကိုလည်း တွေ့ရပြန်သည်။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာမဖြစ်ရအောင်လည်း ပြောပြရခဲ့ရသည်။ နောက်ရက်မှာလည်း မိခင်မှ သူသတ်သတ်လွတ်စားတော့မယ်လို့ ကတိပြုလာပြန်တော့ တစ်ခါပြောပြရသေးသည်။ သတ်သတ်လွတ်ဆိုရာ မရှိတာရယ်၊ သတ္တ၀ါတို့သနား၍ မစားရင်သာ ကောင်းကြောင်း၊ ကျန်းမာရေးအရလိုအပ်လျှင် ပံ့သကူသားကိုစားလို့ရတာရယ် နှလုံးသွင်းတတ်အောင် ပြောပြခဲ့ရသည်။

မိမိစိတ်ထဲမှာတော့ မိခင်ကဲ့သို့သော လူများ ကမ္ဘာပေါ်မှာ ဘယ်လောက်များလိုက်မလဲလို့ တွေးနေမိသည်။ မြတ်စွာဘုရား ရှင်ကိုယ်တော်တိုင်လည်း လေးသေင်္ချနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီများကို အသက်သွေးချွေးစတေး၍ ဖြည့်ဆည်းခဲ့ခြင်းမှာ ဤသို့ သတ္တ၀ါများကို ကယ်တင်လို၍ ဖြည့်ကျင့်တော်မူလို့ ခုလိုသာသနာတွင်းတရားတွေ နာကြားနိုင် ဆည်းပူးနိုင်တာ တွေးမိတော့ ဘုရားရှင်၏ ကျေးဇူးတော်၊ ဂုဏ်တော်များကို မှန်းဆကာ အကြိမ်ကြိမ်ဦးချမိပါတော့သည်။ မိမိသည်လည်း လောကဓမ္မနှစ်ဌာန အကျိုးဖြစ်စေရန်အတွက် သာသနာပြုလုပ်ငန်းကို အိမ်တွင်းမှသည် နိုင်ငံတ၀န်းလုံး စသည်ဖြင့် အဆင့်ဆင့်တက်ကာ မိမိတို့စွမ်းနိုင်သမျှ ကြိုးပမ်းဆောင်ရွက်မည်ဟု စိတ်ဆုံးဖြတ်ချက် ချမိပါတော့သည်။ စာဖတ်သူအားလုံးလည်း အိမ်တွင်း သာသနာပြုမှသည် နိုင်ငံတော်တ၀န်းထိ သာသနာပြုနိုင်ကြပါစေ။

ရေးသားမှုကဏ္ဍတရားစာစောင်များ | 0 အကြံပြုစာ

18th November 2008

ငြိမ်းချမ်းစွာနေမယ်

ကျွန်တော်ငယ်စဉ်ဘ၀မှာ ည ရောက်ပြီဆိုင်လျှင် အဖိုးဆီသွား၍ နင်းပေးလေ့ရှိသည်။ ပြီးလျှင် အဖိုးမှ ပုံပြင်တွေ ပြောပြကာ မုန့်ဖိုးပေးလေ့ရှိပါသည်။ ပုံပြင်ဆိုရာတွင် ငယ်စဉ်က ထင်ခဲ့သောအတွေးရယ်ပါ။ တစ်ကယ်တန်းတော့ ဘုရားဟော ဇာတ်တော်များပင်ဖြစ်သည်။ ကျွန်တော်သည် အဖိုးကိုမြင်တိုင့်း အသက်ရှည်ပြီး အဖိုးဘ၀ဟာ အေးချမ်းနေသလို ငြိမ်းချမ်းနေသလို ခဏခဏ ခံစားမိပါသည်။ အဖိုးအနားမှာ နေရသည်ပင် အေးချမ်းသလို ခံစားမိသည်။ ကျွန်တော်တို့ မိသားစုဆွေမျိုးသားချင်းများမှာ သာမာန် ယာလုပ်ငန်းဖြင့် အသက်မွေးကြသည်။ ရာထူး၊ ဥစ္စာ၊ အာဏာရယ်လို့လည်း ဘာမျှပင် မရှိခဲ့။ ပကတိ အညာတောသူ တောင်သားများပင် ဖြစ်ကြသည်။ အဖိုးကို နင်းပေးပြီးတစ်နေ့တော့ အဖိုးသည် ကျွန်တော့်ကို မေးခွန်းတစ်ခု မေးခဲ့ပါသည်။

အဘိုး။ ။ ငါ့မြေး ဘ၀မှာ ဘယ်လိုနေသွားချင်သလဲ။

ကျွန်တော်။ ။ စိတ်ချမ်းသာစွာနဲ့ ပျော်ပျော်ရွှင်ရွှင် နေသွားချင်တယ်အဘိုး။ အဘိုးတို့လိုပေါ့။

အဘိုး။ ။ စိတ်ချမ်းသာခြင်းနဲ့ ပျော်ရွှင်ခြင်းဆိုတာ မတူဘူး မြေးငယ်။ စိတ်ချမ်းသာခြင်းကို ခန္ဓာကိုယ်က ရှာရတာ။ ပျော်ရွှင်ခြင်းဆိုတာတွေက အပြင်ကလာတာ။ အဘိုးက ပျော်ရွှင်ခြင်းကို မစွဲလမ်းပဲနဲ့ ခန္ဓာကိုယ်က စိတ်ချမ်းသာခြင်းကို ရှာတာ။ ပျော်ရွှင်ခြင်းဆိုတာက စိတ်မှာ ကိလေသာ အညစ်အကြေးတွေ စွန်းထင်းပေရစ်ခဲ့လို့ပဲ။ ကြာရင် လက်နှီးဝတ်လိုပဲ မည်းညစ်လာတယ်။ နောက်ဆုံးတော့ စွန့်ပြစ်ခြင်းကို ခံရပြီးတော့ အသုံးမ၀င်တော့ဘူး။ ပျော်ရွှင်ခြင်းကနေ ရလာတဲ့ လောဘတွေ၊ မာနတွေ၊ ဒိဋ္ဌိတွေဟာ သံသရာကို ရှည်စေလို့ပဲ။ ပျော်ရွှင်ခြင်းကနေ ဖြစ်လာမယ့် ဒီတရားတွေကို ပယ်ပြီးတော့ ခန္ဓာကိုယ်က စိတ်ချမ်းသာခြင်းကို ရှာရမယ်။ လက်နှီးဝတ်ကို ခဏခဏ ရှော်ဖွတ်ရသလိုပေါ့။ စိတ်အစဉ်မှာ ဖြစ်လာတဲ့ ကိလေသာနီဝရဏတရားကို ဘ၀နာတရားနဲ့ သတိအစဉ် ဉာဏ်ဝင်ပြီးတော့ ပယ်ရမှာပဲ။ ဒိဋ္ဌဓမ္မ သုခ၀ိဟာရ - စိတ်အေးချမ်းစွာ နေလို၍ တရားရှုမှတ်ပွားများတာပေါ့။ မြေးလေး ကြီးလာရင် သတိထားရမယ့် အချက်တွေ ထပ်ပြောဦးမယ်။ လာဘ သက္ကာယ သိလောက- လာဘ်လာဘရယ်၊ အရိုအသေပေးခံရခြင်းရယ်၊ ကျော်ကြားခြင်း ဆိုတာပဲ။ ဒီအရာတွေဟာ တစ်ကယ်ဆန်းစစ်ကြည့်ရင် မာန်နတ်ရဲ့စစ်တပ်နဲ့တူတယ်။ အပါယ်ကို တွန်းချနေတာပေါ့။ နောက်ထပ်က ရာထူး အာဏာ စည်းစိမ်ဥစ္စာ မြင့်လာလေလေ ဒုက္ခကြီးလေလေ၊ မဟာပုညော အတိဒုက္ခော- ဘုန်းကြီးလာလျှင်လည်း ဒုက္ခကြီးတယ်။ သူတို့ရဲ့ဆန့်ကျင်ဘက် အရိယတို့မှာကျတော့ အထက်မဂ်ရောက်လေ ငြိမ်းချမ်းလေပဲ။ လာဘ်လာဘတွေ၊ ကျော်ကြားခြင်းတွေ၊ ဘုန်းကြီးလာတွေက အတိတ်ဘ၀က ပြုခဲ့ဘူးတဲ့ ကုသိုလ်ကံတွေကြောင့်လည်းဆိုင်သလို လက်ရှိ ဉာဏ်ပညာနဲ့ ၀ီရိယ အပေါ်မှာလည်း မူတည်နေတယ်။ မြေးကို ပြောပြဖူးတဲ့ လောကရဲ့ဖန်ဆင်းရှင်သုံးဦးဖြစ်တဲ့ ကံ၊ ဉာဏ်၊ ၀ီရိယနဲ့ ကံကံ၏အကျိုးကိုတော့ အဘိုးထပ်ရှင်းပြ စရာ မလိုလောက်တော့ဘူး။ ဘ၀မှာ ငြိမ်းချမ်းစွာ နေချင်တယ်ဆိုရင်တော့ လူ့ပြည်မှာ တန်ဖိုးအရှိဆုံးဖြစ်တဲ့ သဒ္ဓါတရားကိုခိုင်မြဲအောင်ကြိုးစားပြီး ဘုရားရှင်ရဲ့အဆုံးအမတွေကို လိုက်နာရမယ်။ ဗုဒ္ဓရဲ့အဆုံးအမ အသိပညာ၊ လောကသိပ္ပံအတတ်ပညာတွေကို ရှာဖွေရမယ်။ အတတ်ပညာတစ်ခုတည်းနဲ့ လောကကို မတည်ဆောက် နိုင်သလို အသိပညာတစ်ခုတည်းနဲ့လည်း လောကကို အလှမဆင်နိုင်ဘူး။ မရဏဆိုတဲ့ သေခြင်းတရားကလည်း အချိန်မရွေး နေရာမရွေး ကျရောက်နိုင်တာဖြစ်လို့ အရွယ်သုံးပါးရယ်လို့ ခွဲမနေဘဲ ဗုဒ္ဓရဲ့တရားတွေကို ကျင့်ကြံအားထုတ်ရမယ်။ သီလတရားတွေကိုလည်း လုံခြုံအောင် စောင့်ထိန်းရမယ်။ သီလမရှိရင် အသက် မရှိတာနဲ့ တူတူပဲ။ အလွယ်ဆုံးမှတ်မယ်ဆိုရင် မြေးရယ်။ တရားနဲ့နေရင် သေရဲပါတယ်။ နေ့စဉ်နေ့တိုင်းမှာလည်း ကောင်းမှုကုသိုလ်ဆိုတဲ့ ရေ ဘယ်နှစ်ပုံးလောင်းပြီးပြီလဲ မကြည့်နဲ့ ကိလေသာ မီး ဘယ်လောက် ငြိမ်းပြီးပြီဆိုတာကို အရင် စစ်ဆေးပါ။ ဒါဆိုရင် ဘ၀မှာ ငြိမ်းချမ်းစွာ နေတတ်လာလိမ့်မယ။် မြေးလေးတော့ ပျင်းနေပြီလား မသိဘူး။ ငါ့မြေးလေးလည်း မပျင်းရအောင် အဘိုးရှေ့ကတိုင်ပေးတာလေးကို အလွတ်ရအောင် ကျက်။

သီလပြည့်စေ အိနြေ္ဒစိုးပိုင် ဗောဇ္ဈင်တိုင်သည့် နိုးကြားဘိ၍ သတိသမ္ပဇ္ဈင် စိတ်ငြိမ်ဝင်လော့ ကိုယ်ကိုဖြောင့်မတ် သတိကပ်လျက် ပေါ်လန့်ဥပါဒါနက္ခန္ဓာ ရုပ်နှင့်နာမ်ကို ကြိမ်ဖန်များစွာ ရှုပွားပါ၍ ဖြစ်ပေါ်လာငြား ဉာဏ်ထူးများကြောင့် လေးထွေအောဂ လေးရောဂတို့ ကင်းပရာမှန် နန်းနိဗ္ဗာန်ကို မှန်စွာမသွေ ရောင်ပါစေသော် ရောက်စေသော်…..

အဘိုးဆီက မုန့်ဖိုးထပ်လိုချင်ရင်တော့ နောက်ထပ်တစ်ပုဒ်ထပ်ကြည့်ဦး မြေးလေး။

မရဏကိစ္စ ဤဓမ္မက တစ်မြို့တစ်ရွာ တစ်အိမ်ရာ၌ တသီးတသန့် တကန့်ခြား၍ ပြန်ကြားတတ်သည် မဟုတ်ချေ ဘူး မြို့တိုင်းရွာတိုင်း နေရာတိုင်း၌ မဆိုင်းတတ်လွှာ သေတတ်ကြသည် ခန္ဓာအနိစ္စပါတကား…..

ဒီတရားတွေကို တရားအသိဉာဏ်ရင့်သန်လာသည်နှင့်အမျှ ဆင်ခြင်ပွားများပါ။ ငွေကြေးအမွေထက် ဒီတရား တွေရဲ့ အမွေအနှစ်ကို ပိုပြီးတန်ဖိုးကြီးတယ်ဆိုတာ ငါ့မြေးသိလာပါလိမ့်မယ်။ ဖြစ်ပြီး ပျက်နေတဲ့ သံသရာကြီးမှာ ပုံပန်းလှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ၊ ကြီးကြီးငယ်ငယ်၊ ရွယ်ရွယ်လတ်လတ် ယုတ်မြတ်မဟူ ရှင်လူရဟန်း တို့ဟာ မသေခင်ချစ်လိုက်ကြ သေလျှင်တော့ ပစ်လုက်ကြတဲ့ ဤခန္ဓာ၊ မသေလျှင်တော့ ဟုတ်တုတ်တုတ် သေလျှင်ပုတ်တတ်တဲ့ ဤခန္ဓာကြီးဟာ သေဖို့ချိန်ခါရောက်လာရင်တော့ သေကြရမည်မလွဲဧကန်ဆိုတာ ဆင်ခြင် ပွားများရင်း ဘ၀မှာ ငြိမ်းချမ်းစွာ နေထိုင်နိုင်အောင် ကြိုးစားသွားပါ။

အဘိုး၏ တစ်ရက်တာ တရားစကားများမှာ ဤသို့ပင်ဖြစ်သည်။ ထိုသို့ မှာကြားသွားသော အဘိုး၏ မှာကြားချက်များအား ခေတ်လူငယ်တို့ မှတ်သားပွားများပြီး တကယ်စင်စစ် ဘ၀မှာ ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြပါစေ…..

ရေးသားမှုကဏ္ဍတရားစာစောင်များ | 0 အကြံပြုစာ

အားကိုးရာအစစ်ကား ဗုဒ္ဓ၊ဓမ္မ၊သံဃ။ံ မိတ်ဆွေအစစ်ကား ကံ၊ဉာဏ်၊၀ီရိယ။ ရန်သူအစစ်ကား လောဘ၊ဒေါသ၊မောဟ။ နေ့စဉ်အလုပ်ကား ဒါန၊သီလ၊ဘာဝနာ။ အမြဲနှလုံးသွင်းရန်ကား အနိစ္စ၊ဒုက္ခ၊အနတ္တ။ အမြဲလက်ကိုင်ထားရန်ကား ခန္ဓီ၊မေတ္တာ၊သစ္စာ။
  • ဓမ္မအလင်းရောင်သည်

  • အ၀ိဇ္ဖာအမိုက်မှောင် တဏှာဆောင်ကာ ဒိဋ္ဌိမကွာ ဤလူ့ရွာကို ဓမ္မအလင်းရောင် ထွန်းလင်းအောင်၍ ဗုဒ္ဓသာသနာ ဒို့ကမ္ဘာအား သာယာအေးငြိမ့် လွှမ်းခြုံစိမ့်မည် ပြည်နိဗ္ဗာန်နန်း မြန်းကြရည်မျှော်...

သေခြင်းတရားဟာ မှည့်နေတဲ့အသီးလိုပဲ
အချိန်မရွေးကြွေကျနိုင်တယ်.
ကြွေမကျခင် နိဗ္ဗာန်ဝင်ဖို့
ဗုဒ္ဓမြတ်စွာ တရားနာ
လောကသစ္စာတွေ့အောင်ရှာ.

  • ပြက္ခဒိန်

  • February 2010
    M T W T F S S
    « Nov    
    1234567
    891011121314
    15161718192021
    22232425262728



အချိန်တွေကုန်ဆုံးလျက်ရှိသည်

အရ ဟံ- မကောင်းမှုဒုစရိုက် ကိလေသာမှန်သမျှကို ၀ါသနာဓလေ့ အထုံအငွေ့ပါမကျန် ပယ်သတ်တော်မူပြီးသော မြတ်စွာဘုရားပါတကား။ အ ရဟံ- မကောင်းမှုတို့အား ကိုယ်ဖြင့်လည်းပြုတော်မမူ၊ နှုတ်ဖြင့်လည်း ပြောဆိုတော်မမူ၊ စိတ်ဖြင့်လည်းကြံစည်တော်မမူသော မြတ်စွာဘုရားပါတကား။ အရဟံ- လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားပါတကား။

တရားစာပေရေးတယ်ဆိုတာ ကိုယ့်ဘ၀ကိုယ်ကမ္ဘာမှာထိန်လင်းနေတဲ့ သစ္စာဉာဏ်အလင်းကို သူများဘ၀သူများကမ္ဘာတွေမှာ ထိန်လင်းအောင်ထွန်းညှိဝေငှနေတာပါ

  • ဓမ္မဆိုဒ်များကို ကြည့်စေလို

  • ဓမ္မပဒ မြန်မာပြန် ပါဠိတော် အင်္ဂလိပ် သို့

  • ဓမ္မမိတ်ဆွေများ